စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အနောက်ပိုင်းကို မတ်လ ၁၇ ရက်နေ့မှာ အင်အားရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာရှစ်ရွာခန့်က ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
ယာကြီး၊ ထူး၊ ညောင်နမြား၊ ခိုတွင်း၊ တလင်းနဲ့ အင်တိုင်းတောရွာ အပါအဝင် ရွာရှစ်ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပြေးနေရတာဆို ယာကြီး၊ ထူး၊ ညောင်နမြားရယ် ပြီးတော့ ခိုတွင်း၊ တလင်း၊ အင်တိုင်းတော အဲဒီဘက်က ရှစ်ရွာ၊ ကိုးရွာလောက်တော့ရှိမှာဗျ၊ ဝင်နေတာက ဘီလူးစစ်ကြောင်းလို့ ပြောသံကြားတယ်ဗျ"
လက်ရှိအချိန်အထိ ဒေသခံတွေကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေ မတ်လ ၂ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းစစ်ကူနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကနီမြို့က နေအိမ်၊ အဆောက်အအုံတွေအပြင် မြို့အနီးပတ်ဝန်းကျင်ရွာတွေက နေအိမ်အဆောက်အအုံပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၄ ရက်နေ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။