ကနီမြို့ ရွာပေါင်းသုံးဆယ်က ထွက်ပြေးနေရတဲ့ ဒေသခံ သုံးသောင်းကျော် အကူအညီတွေလိုနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အထက်ပိုင်းမှာရှိတဲ့ ရွာပေါင်းသုံးဆယ်နီးပါးက ဒေသခံ သုံးသောင်းကျော်ဟာ ချင်းတွင်းမြစ်ထဲမှာ သွားလာနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ထွက်ပြေးနေရတဲ့ ရွာတွေက ကျွန်းရွာ၊ မဲဒင်ရွာမ၊ မဲဒင်မြောက်၊ စဖိုကြီး၊ ယင်းယိမ်၊ သစ်ခက်၊ သဖန်းချောင်း၊ ကဲဒေါင်၊ ကင်း၊ အထက်ကင်း၊ မိချောင်းတွင်း၊ ကနဲ၊ ညောင်ဝန်း၊ ကျောမကြား၊ အင်းလည်ချောင်၊ ဝရာ၊ ဆင်အို၊ ပက်ပံစု၊ အိုင်သား၊ အုမ္မ၊ ထောက်ကြကုန်း၊ အိုင်သား၊ ယင်း၊ ကုန်းသာ၊ ကျောက်လှေကား၊ တအုံ၊ ချမ်းသာစု၊ ဘုမ္မဇင်း၊ ကျွဲတတ်၊ ထူးပေါက်နဲ့ ငုတ်ချောင်းရွာတို့ ဖြစ်ပါတယ်။

အဲဒီအထဲက တချို့ရွာတွေကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးနေရတာလို့ ကနီမြို့နယ် စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

"အဲဒီရွာတွေမှာ တချို့ပြန်နေကြသလို၊ လုံးဝကို ပြန်မနေတဲ့ ရွာတွေလည်းရှိတယ်။ မြစ်ကြောင်းကနေ စစ်သင်္ဘောတွေက အချိန်မရွေး ဖြတ်သွားနေတော့ မြစ်ကြောင်း တစ်လျှောက်က ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အကုန်ပစ်တာ။ ပြန်ရင်လည်း လက်နက်ကြီးပစ်တာနဲ့ ပြန်ရှောင်ရတော့ ဘာမှမထူးဘူးဆိုပြီး မပြန်ကြတာ များပါတယ်"

ထွက်ပြေးနေရတဲ့ ဒေသခံ သုံးသောင်းကျော်မှာ လတ်တလော စားနပ်ရိက္ခာနဲ့ အမိုးအကာ၊ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း အလုံဆိပ်ကမ်းကနေ ဆန်တတ်လာတဲ့ စစ်ကောင်စီရေယာဉ် ၁၄ စီးကို ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ရွှေ့ပြောင်းတာ၊ လက်နက်သယ်ယူတာနဲ့ အခြေစိုက်စခန်းတွေဆီ ရိက္ခာပို့ဆောင်တာတွေကို လေကြောင်းနဲ့ ရေကြောင်းကနေ လုပ်ဆောင်တာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။