စစ်ကိုင်းတိုင်း၊ ကနီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေက မတ်လ ၂ ရက်နေ့ မနက်ပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်နဲ့ မြို့အနီးအနားရွာ ၁၅ ရွာ ခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်သုံးခုရှိတဲ့အနက် အမှတ် (၁) နဲ့ (၃) ရပ်ကွက်က ဒေသခံတွေအပြင် ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေပါ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကနီမြို့ဘေးပတ်ဝန်းကျင်ကရွာတွေကို ဂျက်တိုက်လေယာဉ်နဲ့ရော စစ်ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တပ်က တိုက်လေယာဉ်နဲ့ရော ရဟတ်ယာဉ်နဲ့ပါ ဘေးပတ်ချာလည်မှာရှိတဲ့ ကျေးရွာတွေကို ပတ်ပစ်နေတာ တွေ့ရပါတယ်။ အဲဒီမှာရှိတဲ့ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်”
ဒီနေ့မနက်ပိုင်း တိုက်ပွဲခတ္တငြိမ်သက်နေပြီး တိုက်ပွဲကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာရှိပေမယ့် လက်ရှိ ရှုပ်ထွေးနေတဲ့အချိန်ဖြစ်လို့ အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါး ရှိလာပါပြီ။