စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့က စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ဟာ လက်ရှိ အနွေးထည်နဲ့ ခြုံစောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆောင်းရာသီ ရောက်လာပြီဖြစ်လို့ ချင်းပြည်နယ်က မြို့နယ်တွေမှာ အအေးဒဏ် စခံစားလာရပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် အနွေးထည်နဲ့စောင်တွေ အရေးပေါ် လိုအပ်နေတာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
"အခု ချင်းမှာက တော်တော်အေးနေပြီ။ ညဘက်ပိုအေးတယ်။ စစ်ဘေးရှောင်တွေ အနွေးထည်မရှိ၊ ခြုံစောင်မရှိနဲ့ တော်တော်ကို အခက်အခဲဖြစ်တယ်။"
ဒါ့အပြင် ဆန်၊ ဆီ၊ ဆား၊ အမိုးအကာ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကန်ပက်လက်မြို့နယ်က စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ဟာ ထန်းကုန်း စစ်ဘေးဒုက္ခသည်စခန်း၊ အောက်လှယ် စစ်ဘေးဒုက္ခသည်စခန်းနဲ့ မကွေးတိုင်း၊ ဆောမြို့နယ်မှာရှိတဲ့ အညာကတင်း၊ ဘီကုန်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသလို နီးစပ်ရာ ရွာတွေမှာလည်း ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်း တစ်သောင်းကျော်ရှိနေပြီး ပြည်တွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်နေရသူ ခြောက်သောင်းကျော်နဲ့ တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေရသူ ငါးသောင်းနီးပါး ရှိနေပြီဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် အချိန်အထိ ကန်ပက်လက်မြို့နယ်မှာ လူဦးရေ နှစ်သောင်း သုံးထောင်ကျော် နေထိုင်ခဲ့ကြပါတယ်။