စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာဟာ အောက်တိုဘာ ၂၄ ရက်နေ့မှာ ငါးကြိမ်မြောက် မီးရှို့ခံရပြီးနောက် အိမ်ခြေ ၁၈၀ အနက် ၃၀ ခန့်သာ ကျန်တော့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
မနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် အင်အား ၅၇ ဦးဟာ ဇော်ချောင်းရွာကို ဝင်ရောက်လာခဲ့ပြီး မီးရှို့ခဲ့တာကြောင့် အိမ်ကိုးလုံး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"ဇော်ချောင်းက အိမ်က ရှစ်လုံးနဲ့ ပရဟိတအဆောက်အအုံ တစ်လုံးရယ် ကားတစ်စီးရယ် ပါမှာဗျ။ အရင် လေးကြိမ်ပေါင်း ရှို့ခံရတုန်းကတော့ အိမ် ၁၃၉ လုံး လောင်သွားတယ်"
ဇော်ချောင်းရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ခြေမြန်တပ်ရင်း ခမရ-၃၆၃ ဖြစ်တယ်လို့လည်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၁၈၀ ဝန်းကျင်ရှိခဲ့တဲ့ ဇော်ချောင်းရွာကို ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က ပထမဆုံးအကြိမ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၉၂ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၄ ရက်နေ့မှာ တစ်ကြိမ်၊ အောက်တိုဘာလ ၆ ရက်နေ့နဲ့ အောက်တိုဘာလ ၇ ရက်နေ့တွေမှာ တစ်ကြိမ်စီ မီးရှို့ခံလိုက်ရပြီး အိမ်ခြေ စုစုပေါင်း ၄၀ ခန့်သာ ကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ ငါးကြိမ်မြောက် မီးရှို့ခံလိုက်ရပြီး အခုဆိုရင် မူလအိမ်ခြေရဲ့ ၁၆ ရာခိုင်နှုန်းဖြစ်တဲ့ အလုံး ၃၀ ခန့်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့မရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်တာ မရှိသလို နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ တုံ့ပြန်ထားပါတယ်။