စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၇၇ ဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မတ်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီအထဲမှာ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တစ်ခုတည်းမှာပဲ အရပ်သား ၁၅၇ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၂၇ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့်လည်း အဲဒီမြို့နယ်နှစ်ခုမှာ အရပ်သား နေအိမ် နှစ်ထောင်နီးပါး (၁၉၆၂)လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်က နေအိမ် ၆၂၃ လုံး၊ မလည်တိုက်နယ်က ၃၈၂ လုံးနဲ့အများဆုံးဖြစ်ပြီး ကျွန်းလှမြို့နယ်မှာ ၂၉၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကန့်ဘလူခရိုင်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေဟာ မြွေဆိုးအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပြီး အကိုက်ခံရတဲ့သူ ၉၂ ဦးရှိပြီး အဲဒီထဲက ရှစ်ဦးကတော့ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း ၂ဝ၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၄,၇၇၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။