စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်သအင်းရွာနဲ့ ဇီးဖြူကုန်းရွာကို စစ်ကောင်စီ တပ်သားတွေ နှစ်ရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၉ ရက် မနေ့မနက်ပိုင်းက ဝက်သအင်းရွာ မီးရှို့ခံရသလို နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာလည်း ဇီးဖြူကုန်းရွာ မီးရှို့ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က မနက်ပိုင်း ၈ နာရီလောက် ဝက်သအင်းရွာကို စစ်တပ်က မီးရှို့တယ်။ ညဝင်အိမ်ပြီး မနက်လင်းတော့ ရှို့တာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ ရှို့တာ။ မီးရှို့ပြီးမှ တိုက်ပွဲကဖြစ်တာ။ ရွာကိုရှို့လို့ဆိုပြီး ဒေသကာကွယ်ရေးတပ်တွေက ဝင်ပစ်တာ။ အိမ်ခြေကတော့ ၃၀ ကျော်လောက် ပါသွားတယ်။ ဒီနေ့လည်း နောက်စစ်ကြောင်း တစ်ခုက ဇီးဖြူကုန်းရွာကို အခုထပ်ရှို့နေတယ်”
ဝက်သအင်းရွာကို မီးရှို့တဲ့စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက်နဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက ကန့်ဘလူမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက် မီးရှို့နေတာကြောင့် ပင့်သာ၊ ဖလှယ်ရ၊ မကျီးကုန်း၊ ရှမ်းကုန်း၊ ပင်းတဲ၊ အင်းမ၊ ထန်းပင်ကုန်း၊ အုတ်ခင်း၊ နဂါးပေါ်၊ ပိတောက်ပင်၊ ပင့်သာကြီးရွာ အပါအဝင် ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး အတိအကျ မပြောနိုင်ပေမယ့် စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ပစ္စည်းလေးမျိုး ထောက်ပံ့ပေးဖို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ရှိတာနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ခရိုင်အုပ်ချုပ်ရေးမှူးတို့ မြို့နယ် အုပ်ချုပ်ရေးမှူး တို့က တစ်ခါတည်း သွားပြီးတော့မှ စီစဉ်ထောက်ပံ့ပေးတာကို ဆောင်ရွက်တယ်။ ပြီးမှ ကျနော်တို့ဆီကို ပြန်တင်ပါတယ်။ ဒါက အမြဲတန်းလုပ်နေကြ လုပ်ငန်းစဉ်ဖြစ်ပါတယ်”
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၃၈,၃၈၃ လုံး ပျက်စီးခဲ့ပြီး ဒီအထဲမှာ စစ်ကိုင်းတိုင်းက ၂၇,၄၉၆ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။