KNU တပ်မဟာ ၅ နယ်မြေမှာ နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေ

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၅) နယ်မြေက စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတွေကို တိုက်ခိုက်နေတဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် ဒီနေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အဓိကထားတိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တပ်မဟာ (၅) နယ်မြေထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခက RFA ကို ပြောပါတယ်။

“တပ်မဟာ (၅) နယ်မြေထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ကျနော်တို့ BPLA ဘက်က လူအင်အား အများအပြားလည်း ပါဝင်နေတာ ရှိပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီဘက်က လေယာဉ် အဓိကသုံးနေတာ တွေ့ရပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတင်မဟုတ်ဘဲ ပြည်သူတွေ နေထိုင်တဲ့ ရွာတွေထဲအထိပါ လာရောက်ဗုံးကြဲတာတွေ နေ့စဉ် ကြုံတွေ့နေရတာပါ”

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတွေဖြစ်တဲ့ မဲသလွတ်၊ လယ်တိုး၊ ညာတခိုကျိုးနဲ့ ခေါပုတ်တိုစခန်းတွေကို KNLA တပ်တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး သွားရောက်တိုက်ခိုက်ခဲ့တာပါ။

ညာတခိုကျိုးစခန်းကိုတော့ တိုက်ပွဲစပြီး နာရီဝက်အတွင်း သိမ်းယူနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့အထိ တိုက်ပွဲ ဆက်ပြင်းထန်နေတာလို့ သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။

အဲဒီ တိုက်ပွဲတွေမှာ KNU လက်အောက်ခံ KNLA နဲ့အတူ BPLA၊ ဒရုန်းအထူးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ Force for Federal Democracy – FFD နဲ့ PDF အဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်နေတာလို့ တိုက်ပွဲအတွင်း ပါဝင်နေသူတချို့က အတည်ပြုထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အသေးစိတ် အချက်အလက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲဆက်ပြင်းထန်နေတဲ့အပေါ် စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ခုနစ်ထောင်ကျော်ရှိပြီ ဖြစ်ပါတယ်။