အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အကြား တိုက်ပွဲတွေကြောင့် အရပ်သား ၁၃၁ ဦးသေဆုံးခဲ့ပြီး ၂၈၃ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ KNU ဗဟိုက ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ၁၉ လအတွင်း စစ်ကောင်စီတပ်နဲ့ KNU တပ်တွေအကြား တိုက်ပွဲကြီးနဲ့ တိုက်ပွဲငယ် စုစုပေါင်း ၆၃၅၉ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း KNU ဘက်က ၁၄၂ ဦးသေဆုံးခဲ့ပြီး ၃၂၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ KNU တပ်တွေက နယ်မြေကျွမ်းကျင်မှုနဲ့ ပြောက်ကျားစစ်ကို အဓိကထား အသုံးပြုခဲ့လို့ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေ ပိုပြီးထိခိုက်သေဆုံးမှု များခဲ့တယ်လို့ KNU က ဆိုပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့ ၁၉ လအတွင်း စစ်ကောင်စီဘက်က ၅၁၁၇ ဦးသေဆုံးပြီး ၄၁၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျု အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ KNU ရဲ့ အချက်အလက်တွေက ဖောင်းပွလွန်းနေတယ်လို့ ဝေဖန်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) ကတော့ အာဏာသိမ်း ပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၈၆၈၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စက်တင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။