ကရင်နီမှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၅ ဦးသေဆုံး

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဖေဖော်ဝါရီလအတွင်း အရပ်သားပြည်သူ ၂၅ ဦးသေဆုံးပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုလို စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေရဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ‌ဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ဒီတော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းတိုက်ခိုက်ဖို့အတွက်ပေါ့နော်။ ပြည်သူတွေ လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာမျိုးကို မခွဲခြားဘဲ ဒါ အားလုံးကိုသာ ရန်သူအဖြစ် သတ်မှတ်ပြီးတော့ တိုက်ခိုက်တယ်လို့ပဲ ပြောချင်တယ်။ စစ်ကောင်စီက ဒီလိုမျိုး ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာကတော့ သူတို့ရဲ့ လုပ်နေကျ စစ်ရာဇဝတ်မှုကျူးလွန်နေတာလို့ပဲ ပြောချင်တယ်။”

ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒီးမော့ဆိုမြို့နယ်က ဒေါဆီအီစာသင်ကျောင်းနဲ့ လွိုင်နန်းဖကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ငါးစင်းနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်လေးဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၃၅ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဖယ်ခုံမြို့နယ် ရွှေစမ်းကျေးရွာက ဒေသခံ ကလေးငယ် တစ်ဦး အပါအဝင် အမျိုးသမီး လေးဦးသေဆုံးခဲ့ရပြီး အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်းက ပြည်သူတွေသေဆုံးနေရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီခန့်အပ်ထားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့အကြား နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး ကရင်နီပြည်နယ်က မြို့အချို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားနိုင်ပြီး လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်ကြိုးပမ်းနေပါတယ်။ စစ်ကောင်စီက လွိုင်ကော်မြို့ကို ကာကွယ်ဖို့အတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့တွင်းကနေအိမ်အများအပြား မီးလောင်ပျက်စီးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ် လွိုင်ကော်၊ ရှားတော၊ ဘောလခဲမြို့နယ်တွေနဲ့ ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KNDF တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။