ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် (၆) ရပ်ကွက်မှာ မတ်လ ၁၁ ရက်နေ့ညနေကဖြစ်တဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ရှစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ရာက လက်နက်ကြီးကျည်ကျပြီး နေအိမ်တွေ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
မတ်လ ၁၂ ရက်နေ့မှာ မီးအရှိန်လျော့သွားပေမယ့် အပြီးငြိမ်းသွားတာမျိုးမဟုတ်ဘဲ တငွေ့ငွေ့လောင်နေသေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခုကတော့ (မီး) တငွေ့ငွေ့ရှိနေတုန်းပဲ။ ငြိမ်းတာတော့မဟုတ်ဘူး ဒီမီးကနေ ပြန်တော့လောင်နိုင်သေးတာပေါ့"
အမှတ် (၆) ရပ်ကွက်မှာ အိမ်ခြေတစ်ထောင်ခန့်ရှိပြီး အိမ်ခြေစိပ်သလို ပျဉ်ထောင်အိမ်များတယ်လို့လည်း ဆိုပါတယ်။
ဘယ်အဖွဲ့ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အခုလိုမီးလောင်သလဲဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ကော့ကရိတ်မြို့တွင်း ရပ်ကွက်နှစ်ခုကို စစ်ကောင်စီတပ်က မီးရှို့တာ၊ ဒရုန်းကနေ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်ရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းမှာ တိုက်ပွဲဖြစ်နေတာ နှစ်လနီးပါးကြာလာပြီဖြစ်ပြီး တိုက်ပွဲအတွင်း မီးလောင်ပျက်စီးခဲ့တဲ့ ဒေသခံတွေရဲ့ နေအိမ် လေးရာနီးပါးရှိလာသလို ကလေး၊ လူကြီး၊ အမျိုးသမီး အပါအဝင် နှစ်ဆယ်ဝန်းကျင် သေဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။