ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီဘက်က ၂၀ ခန့်သေဆုံးကြောင်း KTLA ပြော

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြောင်လျှာကုန်းရွာနားမှာ မနေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ဦးခန့် သေဆုံးတယ်လို့ ကော်သူးလေတပ်မတော် (KTLA) ရဲ့ ခြင်္သေ့တပ်ရင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက် မနေ့ နေ့လယ်ပိုင်းက ကော့ကရိတ်မြို့ပတ်လည်မှာ နေရာယူထားတဲ့ ကျားဖြူစစ်ကြောင်း၊ KTLA ရဲ့ ခြင်္သေ့တပ်ရင်းတို့နဲ့ ကြောင်လျှာကုန်းရွာအနီး ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ခဲ့ကြတာလို့ KTLA ရဲ့ ခြင်္သေ့တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"သူတို့က ခလရ (၉၇) တော့ ပါတယ်။ ကျန်တဲ့တပ်လည်း ပါတယ်။ ဒီနေ့မနက်မှ သိရတာက သူတို့ဘက်က ၂၀ ကျော် ကျတယ်ပေါ့နော်။ နောက်ပြီး သံချပ်ကာတွေပါ သုံးပြီး ပစ်ကူပေးတယ်"

အဲဒီတိုက်ပွဲဟာ နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကော့ကရိတ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၉၇) နဲ့ ပူးပေါင်းတပ် အင်အား ၁၄၀ ခန့် ပါဝင်ပြီး တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကျားဖြူစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅၅ မမ လက်နက်ကြီး နှစ်ကြိမ်၊ ၁၂၂ မမ လက်နက်ကြီး ရှစ်ကြိမ်၊ ၁၂၀ မမ လက်နက်ကြီး ၇၈ ကြိမ် ပစ်ခတ်ခဲ့ပြီး အရပ်သားနေအိမ် သုံးလုံး ထိမှန်ပျက်ဆီးခဲ့သလို ကျားဖြူစစ်ကြောင်းနဲ့ KTLA ရဲ့ ခြင်္သေ့တပ်ရင်းဘက်က တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KTLA ရဲ့ ခြင်္သေ့တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ဒီဒေသတစ်ဝိုက်ကို စစ်ကြောင်းထိုးနေပေမယ့် နေ့လယ် ၁၂ နာရီဝန်းကျင်အထိတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ KTLA ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က KTLA ရဲ့ ခြင်္သေ့တပ်ရင်း၊ ကျားဖြူစစ်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။