ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့နွဲရွာအနီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်အဆင့် အရာရှိတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ KNLA သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။
“ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒုဗိုလ်တစ်ယောက်ကျတယ်။ စစ်သားငါးယောက် ကျတယ်။ ကော့နွဲ့ဂွင်ထဲမှာဖြစ်တဲ့ တိုက်ပွဲမှာကျသွားတာ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိသေးဘူး။ အခု မနက်ပိုင်းမှာတော့ လေယာဉ်က ခုနစ်ခေါက်ရှိပြီ လာတာ။ ပစ်တော့မပစ်သေးဘူး။ လက်နက်ကြီးကတော့ နေတိုင်းနီးပါးပစ်နေတယ်”
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံတစ်ဦးကလည်း လက်နက်ကြီးကြောင့် ကောင်းမှု၊ ပျားပင်နဲ့ ကော့နွယ်ရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ RFA ကို ပြောပါတယ်။
“၂၂ ရက်နေ့က မနက်ပိုင်း ရပ်ကွက် (၇) က လူကိုးယောက် ဒဏ်ရာရတယ်။ အခု နောက်ဆုံး အခြေအနေကကော့ ကရိတ်မြို့ဝင်ယာဉ်ကြော ကားလမ်းပိတ်ထားတာ သုံးရက်ရှိပြီ။ မြို့ခံတွေက ကျီးလန့်စာစားပဲ။ လက်နက်ကိုင် အဖွဲ့တွေက ဒီလိုဖြစ်တော့ လူထုကတော့ ဓားစာခံပေါ့ဗျာ”
KNLA ကတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ တိုက်ပွဲဖြစ်ချိန်မှာ တစ်ရက်တည်းသာ တွဲကားတစ်စီးကို ကန့်လန့်ဖြတ်ခံ လမ်းပိတ်ခဲ့တာဖြစ်ပြီး အာရှလမ်းမကြီးကို သူတို့ဘက်က ပိတ်ဆို့ထားခြင်းမရှိဘဲ တိုက်ပွဲဖြစ်နေလို့ ဒေသခံတွေ မသွားလာရဲဖြစ်နေတာလို့ ပြောပါတယ်။
တိုက်ပွဲပြီးပြီးချင်း လမ်းပြန်ဖွင့်ပေးလိုက်ပြီး တိုက်ပွဲကြောင့် ရပ်ထားတဲ့ တချို့ ကားတွေကိုလည်း ပိုင်ရှင်တွေ အနေနဲ့ ပြန်လာယူလို့ရပြီလို့ KNLA က ပြောပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ကော့နွဲရွာနားကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ် လေးလုံးပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။
ကော့ကရိတ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်အထိဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံသုံးဦးသေဆုံးပြီး တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ခင်နိမ်းမူဂိတ်အမှတ် - ၃ ကို KKO ခွဲထွက်အဖွဲ့နဲ့ PDF တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ် ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး လာရောက်တိုက်ခိုက်သူတွေ ပြန်ဆုတ်ခွာသွားတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မဖော်ပြထားပေမယ့် အမှတ် (၇) ရပ်ကွက်မှာ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးသုံးဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုရဲ့ အချက်အလက်တွေအရ အာဏာ သိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA တပ်တွေအကြား တိုက်ပွဲပေါင်း ခုနစ်ထောင်နီး ရှိလာပြီဖြစ်ပါတယ်။