ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဘားအံခရိုင်ထဲကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဘားအံခရိုင်အတွင်းက နဘူးမြို့နယ်မှာ လေးထောင့်ငါးရာနီးပါး (၄၄၈၉) ၊ ပိုင်ကျုံမြို့နယ်မှာ နှစ်ထောင့် ခုနစ်ရာနီးပါး (၂၆၇၉) နဲ့ ဒုံရင်းမြို့နယ်မှာ သုံးထောင့်ငါးရာကျော် ရှိနေပြီလို့ ပြောပါတယ်။ ဒီစာရင်းတွေဟာ ဒီဇင်ဘာလ လဝက်အထိကောက်ထားတဲ့ စာရင်းတွေလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး KNLA၊ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကြောင့် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အရပ်သားပြည်သူ ၂ဝ ခန့် သေဆုံးပြီး၊ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ PDF တပ်ဖွဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ တာဝန်ရှိသူနဲ့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။
လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်း ကော့ကရိတ်မြို့အပြင် မြဝတီ၊ သင်္ဃန်းညီနောင်၊ ကြာအင်းဆိပ်ကြီးဒေသတွေနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းက ချောင်းနှစ်ခွ၊ တောင်ကလေးကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။