အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ
2024.11.02
မြဝတီ-ကော့ကရိတ် အာရှလမ်းမလမ်းပိုင်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ အာရှလမ်းမှာ နိုဝင်ဘာလ ၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပါတယ်။
အာရှလမ်းပေါ်ကနေ အောင်ဇေယျစစ်ဆင်ရေးတပ် ပြန်ဆုတ်သွားအောင် မဟာမိတ်အဖွဲ့တွေ နေရာစုံကနေ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက RFA ကို ပြောပါတယ်။
"တိုက်ပွဲတော့ နေရာတော်တော်များများတော့ ဖြစ်နေကြတယ်နော်၊ ကျွန်တော်တို့ဘက်က အထိအခိုက်တော့ သိပ်ပြီးတော့မရှိဘူးနော်၊ နည်းနည်းပါးပါးလောက်ပဲ၊ သိပ်များများစားစားမရှိဘူး၊ ရန်သူဘက်ကတော့ အထိခိုက်အကျအဆုံး တအားများတယ်၊ ထိခိုက်ဒဏ်ရာလည်း တအားများတယ်"
နိုဝင်ဘာ ၂ ရက်နေ့လယ်ပိုင်းမှာ ကော့ကရိတ်မြို့မြောက်ဘက် ရန်ကုတ်ရွာ၊ အာရှလမ်း၊ တတန်ကူးကျေးရွာ၊ ကျုံဒိုးနဲ့ ရေပူကျေးရွာဘက်တွေမှာ တိုက်ပွဲတွေရှိနေတယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့အနီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ် ခမရ (၅၄၅) ၊ စကခ (၁၂) ၊ ခမရ (၂၃၁)၊ ခလရ (၉၇) တို့ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်၊ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုတိုက်ခိုက်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
"၂၇ရက်နေ့က ကျုံဒိုး ၅၄၅ နဲ့ စကခ ၁၂ ဘက်ကပစ်တဲ့ နှစ်ဆင့်ကွဲလက်နက်ကြီးတွေ ကျတာ ရေပူမှာက ဦးကျော်စွာဦး အသက် ၅၀ ဆုံးတယ်၊ ရန်ကုတ်မှာက လူကြီးနှစ်ယောက် ဒရုန်းဗုံးအစ မှန်တယ်၊ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး၊ ၉၇ တပ်က ပစ်တာပေါ့၊ တံတားဦးကို လက်နက်ကြီးသုံးလုံး ကျတာပေါ့။ အဲဒီမှာ ကလေးတစ်ယောက်အစ မှန်သွားတယ်၊ လှိုင်ဝကပစ်တဲ့ လက်နက်ကြီးကပြောရမယ်ဆိုရင် နေရာစုံကနေ ကရင်အဖွဲ့ PDF အဖွဲ့တွေ မြို့နားဝင်မလာရဲအောင် ပစ်ထုတ်နေတာပေါ့"
KNLA ပူးပေါင်းတပ်ဘက်က ပြောပြချက်အရ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကော့ကရိတ်ဒေသခံ သုံးထောင်နီးပါး စစ်ဘေးရှောင်နေရပါတယ်။
လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးပြီးနေကြဖို့ KNLA မဟာမိတ်ပူးပေါင်းတပ်တာဝန်ရှိသူ ဗိုလ်ကျော်ဟိန်းက သတိပေးပါတယ်။
လက်ရှိ ကော့ကရိတ်မြို့ဝန်းကျင်က နှစ်ဖက်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။