ကောလင်းမှာ ဒရုန်းဗုံးပေါက်ကွဲပြီး ဒေသခံတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ပန်းတင်ရွာကို မတ်လ ၂၃ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းတင်ရွာအနီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ဒရုန်းလွှတ်ပြီး ဗုံးကြဲတိုက်ခိုက်တာမှာ အသက် ၄၀ ကျော်အရွယ် ဦးမြင့်သန်း သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆုံးသွားတဲ့တစ်ယောက်က စစ်ရှောင်နေတဲ့သူ။ ဒါပေမဲ့ ဒရုန်းနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဝန်းကျင်မှာ အဲဒီ လူက ရောက်နေတာ။ အဓိကတော့ ရင်ဘတ်မှာ ဗုံးစမှန်ပြီး သေသွားတာ”

ကောလင်းမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်း ပြန်လည်ထိုးစစ်ဆင်သိမ်းယူပြီးနောက် မြို့အနီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကောလင်းမြို့က ဒေသခံ သုံးသောင်းဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။