စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒီထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေ က ဖေဖော်ဝါရီလ ၁၁ ရက်မှာ RFA ကို ပြောပါတယ်။
လက်ရှိအချိန်အထိ ကောလင်းမြို့ပေါ်က နေရာတချို့ကို PDF တွေက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ကောလင်းမြို့ကို ပြန်လည်ရရှိဖို့ ဇန်နဝါရီလ ၂၇ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့တာမှာ တိုက်ပွဲ ၁၈ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုရှိခဲ့သလို ဖေဖော်ဝါရီလ ၁၀ ရက်မှာတော့ မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေပြီလို့ ဆိုထားပါတယ်။
NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီဟာ အခြေအနေမှန်ထက်ပိုပြီး ဝါဒဖြန့်ချိနေတာဖြစ်တယ်လို့ ပြောပါတယ်။
“မြို့ရဲ့ အချို့နေရာတွေကို ဝင်ရောက်လာနိုင်တာတော့ ရှိပါတယ်။ တစ်မြို့လုံး စစ်ကောင်စီဘက် ပြန်ပါသွားပြီဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကတော့ ရှိတာထက်ပိုပြီးတော့ ဝါဒဖြန့်ချိနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့တာပါ။
စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့၊ ရွှေပြည်အေးမြို့၊ ခါမ်းပါတ်မြို့ နဲ့ မော်လူးမြို့တွေကို NUG လက်အောက်ခံ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူထားပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့ပေါင်းလေးဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက စစ်ကောင်စီဆီကနေ တိုက်ခိုက်သိမ်းယူထားပါတယ်။