ကောလင်းမြို့မှာ သေနတ်ဒဏ်ရာနဲ့ အလောင်းခြောက်လောင်းတွေ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဝါးရုံးကုံးရွာအနီး လမ်းမပေါ်မှာ ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့မနက်ပိုင်း ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံထားရတဲ့ ရုပ်အလောင်းခြောက်လောင်း တွေ့ခဲ့တယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၅ နှစ်ကနေ ၃၀ ဝန်းကျင်လူငယ်တွေဖြစ်ပြီး အမျိုးသမီး တစ်ဦးလည်း ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်အဖော်လိုတဲ့ ကောလင်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဒီမနက်အစောပိုင်းမှာ ရုပ်အလောင်းတွေကိုတွေ့တာ။ ခေါင်းတေ့ပစ်ထားတဲ့ ဒဏ်ရာတွေ တွေ့ပါတယ်။ သေဆုံးသူတွေက ကောလင်းမြို့က လူငယ်တွေ။ ပထမသုံးယောက်က ဒီဇင်ဘာ ၉ ရက်နေ့လယ်ပိုင်းတုန်းက ကျွန်းလှခုံရွာ လမ်းမပေါ်မှာအဖမ်းခံရတာ၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး၊ နောက် ညဘက်မှာ နောက်ထပ် သုံးယောက်က ဝါးရုံးကုံးမှာ အဖမ်းခံလိုက်ရတာ”

သေဆုံးသူတွေထဲမှာ ဝါးရုံးကုံးရွာက ကိုဂတ်ဘို၊ ကိုလုံးမြင့်နဲ့ ကျော်ဇေယျာရွာက ကိုတွတ်ပီတို့ သုံးဦးကိုသာ အတည်ပြုနိုင်ပြီး ကျန်သုံးဦးကိုတော့ ဘယ်သူဘယ်ဝါ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီးမှ ပစ်သတ်တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၉ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်အထိ သေဆုံးသူ ၂၅၆၆ ဦးအထိ ရှိပါပြီ။