ရှမ်းပြည်နယ်ရောက် ကယား ဒုက္ခသည်တွေအတွက် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ရပ်စောက်၊ ညောင်ရွှေ၊ အင်းလေး၊ ပင်းတယ၊ တောင်ကြီးစတဲ့ မြို့နယ်တွေကိုရောက်နေတဲ့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ အတွက် ဆေးဝါးတချို့ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ဒီကနေ့ ပြောပါတယ်။

အများစုဟာ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြတာကြောင့် ရာသီအကူးအပြောင်း အတွင်း တုပ်ကွေး၊ ပန်းနာရင်ကြပ်ရောဂါနဲ့ လူကြီးရောဂါတချို့ဖြစ်နေပြီး ဆေးဝါးတွေ ပိုလိုအပ်နေတာလို့ ပင်းတယမြို့ကို ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။

"ဆေးဝါးကတော့ အဓိက လိုအပ်နေတာပေါ့နော်။ ဘာလို့ဆို ဝယ်ဖို့ခြမ်းဖို့က ငွေမရှိဘူး။ ဆေးဝါးတွေက ထောက်ပံ့သူနည်းတော့ ပိုကုန်မြန်နေတာပေါ့။ အခုဆို ဆောင်း ရောက်ပြီဆိုတော့ ရာသီအကူးအပြောင်းမှာ ဆေးတွေ ပိုလိုအပ်တော့မှာပါ"

ဒုက္ခသည်တွေအထဲမှာ အသက်အရွယ်ကြီးရင့်သူ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ် အများစုပါဝင်ပြီး လတ်တလော ရာသီတုပ်ကွေးရောဂါလည်း အများစုဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကယားစစ်ဘေးဒုက္ခသည်အတွက် လတ်တလော လိုအပ်ချက်တွေ အများကြီးရှိပေမယ့် ဆေးဝါးလိုအပ်မှုက ပိုပြီး အဓိကဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

"လိုအပ်တာကတော့ စားနပ်ရိက္ခာရော၊ ဆေးဝါးရောပေါ့နော်။ ဆေးဝါးကတော့ အဓိက လိုအပ်နေတာပေါ့၊ ရှမ်းဘက်ကို ပြေးလာတဲ့သူတွေကြ ထောက်ပံ့မှုတွေက သိပ်မရဘူးပေါ့။ အများစုက ကယားထဲမှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေပဲ ပို့တာများတယ်။ ဒီဘက်က လူတွေလည်း တော်တော်လေး ဒုက္ခရောက်ကြပါတယ်"

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်တစ်ခုလုံးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁၂၆,၀၀၀ ဦးထိ ရှိလာပြီဖြစ်ပါတယ်။