အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုအပေါ် ကရင်နီအတိုင်ပင်ခံကောင်စီရှုတ်ချ

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်က အရပ်သား ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာလ ၁၈ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ၂၈ ဦးဒဏ်ရာရခဲ့သလို နေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KSCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ၁၅ ရက်အတွင်း လက်နက်ကြီးကြောင့် အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် (၂၈) လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ ကလေးငယ် တစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သလို နေအိမ် (၁၃) လုံးအထိ ပျက်စီးထားတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ နေအိမ် သုံးလုံးနဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ဖယ်ခုံမြို့မှာ နေအိမ် ခုနစ်လုံး ပျက်စီးခဲ့ပြီး အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက် လက်နက်ကြီးအသုံးပြုပြီး အရပ်သားပစ်မှတ်တွေကို အခုလို တိုက်ခိုက်နေတာဟာ လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုကို ချိုးဖောက်နေတာဖြစ်လို့ နိုင်ငံတကာသံတမန်တွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ တိုက်တွန်းတယ်လို့ KSCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KSCC ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သဘောထားကိုသိနိုင်ဖို့ ကယားပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဒီနေ့ ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမရှိကြောင်း ယခင်က ပြောဆိုထားပါတယ်။