စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တာတိုင်ရွာကနေ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ ၁၇ ဦးအနက် တစ်ဦး အသက်ရှင်လျက်နဲ့ တစ်ဦး သေဆုံးလျက် ပြန်တွေ့ခဲ့ပေမယ့် ၁၅ ဦးကတော့ စစ်ကြောင်းတစ်လျှောက် ဆက်လက်ဖမ်းဆီးခေါ်ဆောင်ခံထားရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့က တာတိုင်ရွာနားကို စစ်ကြောင်းရောက်လာလို့ ထွက်ပြေးရင်းနဲ့ အခြားစစ်ကြောင်း တစ်ခုက ဖမ်းသွားတာလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“အဲဒီစစ်ကြောင်းရောက်လာလို့ တာတိုင်က ဒေသခံပြည်သူတွေက ထွက်ပြေးကြတာပေါ့။ ထွက်ပြေးရင်းနဲ့မှ ဒီပဲယင်းဘက်ကလည်း စစ်ကြောင်းတစ်ကြောင်း ထိုးနေတာ။ အဲဒီစစ်ကြောင်းထဲကို ပါသွားတာပေါ့။ ၁၇ ယောက် ပျောက်သွားတာပေါ့နော်။ ၁၇ ယောက်ထဲမှာ နှစ်ယောက်ပြန်တွေ့တယ်။ တစ်ယောက်က သေနတ်နဲ့ ပစ်သတ်ခံ ထားရတယ်။ မူးမြစ်ထဲကနေ ဆယ်ယူထားလိုက်တယ်။ နောက်တစ်ယောက်တော့ အသက်ရှင်လျက် ပြန်တွေ့တယ်”
သေဆုံးသူဟာ အသက် (၅၂) နှစ် အရွယ် ဦးမန်းဆိုသူဖြစ်ပြီး အသက်ရှင်လျက် ပြန်တွေ့သူကတော့ အသက် ၅၅ နှစ်အရွယ် ဦးကျော်လင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်တဲ့ ဒေသခံ ၁၅ ဦးကတော့ ဒီပဲယင်းမြို့နယ်ထဲမှာ လှည့်လည်သွားလာနေတဲ့ စစ်ကြောင်းမှာ အခုထိ လူသားဒိုင်းသဖွယ်ပါနေကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ကင်းထောက်ရင်း တွေ့ရှိ အတည်ပြုထားတယ်လို့ ခင်ဦးအဖွဲ့က ဆိုပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တာတိုင်ရွာဟာ မူးမြစ်ကမ်းပေါ် ရွှေဘို၊ ခင်ဦးနဲ့ ဒီပဲယင်း သုံးမြို့နယ်အစပ်မှာရှိတဲ့ ရွာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဒီပဲယင်း မြို့နယ်တွေအစပ်မှာ စစ်ဘေး ဒုက္ခသည်တွေ တိုးလာနေပြီး ဒီပဲယင်းတစ်ခုတည်းမှာတင် ဒုက္ခသည် တစ်သောင်းကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ဒေသခံ ၂၄၃ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးထောင်ချခံရသူ ၁၆၀ ကျော်ရှိလာပြီလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။