စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေက ရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဘေးလွတ်ရာထွက်ပြေးရတဲ့ ဒေသခံ နှစ်သောင်းကျော်ရှိပြီလို့ ခင်ဦးနဲ့ ရွှေဘိုဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်းက ခင်ဦးမြို့နယ် ထဲက ပေါင်းလှဲကုန်း၊ နှဲတွင်း၊ ရွှေယမင်း၊ မဏိကုန်း၊ လက်ပံကြီးရွာအပါအဝင် ရွာရှစ်ရွာနဲ့ ရွှေဘိုမြို့နယ်ထဲက ဆီဆုံကုန်းရွာအပါအဝင် ရွာ လေးရွာကို စစ်ကြောင်းထိုးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထွက်ပြေးရတာတော့ ရွာစဉ်လိုလိုဖြစ်နေတာ။ စစ်ကြောင်းထိုးလာရင် နှစ်ရွာအကျော် လောက်ကို ပြေးကြရတာ။ လိုအပ်ချက်က များပါတယ်။ ဆောင်းတွင်းလည်း ရောက်နေ ပြီဆိုတော့ စားစရာတွေ၊ အနွေးထည်တွေ လိုတာပေါ့။ ထွက်ပြေးရတာလည်း အတည် တကျမရှိဘူး။ ရောက်တဲ့နေရာ ခဏနား။ ပြီးရင် တစ်နေရာပြေး အဲလိုဖြစ်နေကြတာ”
နိုဝင်ဘာလ ၁၉ ရက်နေ့ မနေ့မနက်ပိုင်းကလည်း အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်း နှစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကလည်း ခင်ဦးမြို့နယ် ပေါင်းလှဲကုန်းရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ်နှစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းအထိ ရွာထဲ ပြန်မဝင်နိုင်ကြသေးဘူးလို့ ပေါင်းလှဲကုန်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၀ ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း ရွှေဘိုမြို့နယ်၊ လိပ်ရကုန်းရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့နေပြီး ပျက်စီးသွားတဲ့ နေအိမ်အရေအတွက် ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာ ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။