ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသစ် ဦးခင်ရီ ဖြစ်လာ

2022.10.05
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသစ် ဦးခင်ရီ ဖြစ်လာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌသစ် ဦးခင်ရီကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၄ ရက်‌နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တွေ့ရစဉ်။
Photo: USDP

နေပြည်တော်မှာကျင်းပနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ၂၀၂၂ ခုနှစ်၊ တတိယအကြိမ် ပါတီညီလာခံ ဒုတိယနေ့ ဒီနေ့မှာ ပါတီဥက္ကဋ္ဌသစ်အဖြစ် ဦးခင်ရီကို ရွေးချယ်လိုက်တယ်လို့ ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးလှဆွေက RFA ကို ပြောပါတယ်။

"ဥက္ကဋ္ဌကတော့ ဦးခင်ရီပါ။ ဒုတိယ ဥက္ကဋ္ဌက ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်းတို့ပါ။ တွဲဖက် အထွေထွေ အတွင်းရေးမှူးကတော့ ဦးတင်အောင်ချစ်၊ ဒုတိယ ဥက္ကဋ္ဌ တစ်ယောက်နဲ့ အထွေထွေအတွင်းရေးမှူးတို့ကို မခန့်သေးဘဲ လွှတ်ထားတာကတော့ တပ်ကလာမယ့် ပုဂ္ဂိုလ်တွေအတွက် နေရာချန်ထားတယ်လို့ ကျနော် ယူဆပါတယ်"

ဦးခင်ရီဟာ စစ်တပ်ကနေ ဗိုလ်မှူးချုပ်အဆင့်နဲ့ အငြိမ်းစား ယူခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ ရဲချုပ်၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ လဝကဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဦးသန်းဌေး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ်ကစလို့ ဦးခင်ရီဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ဒုတိယ ဥက္ကဋ္ဌဖြစ်လာပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်ထက်မှာတော့ လဝက ဝန်ကြီး ပြန်ဖြစ်လာပါတယ်။

အခု ပါတီညီလာခံ မကျင်းပမီ လပိုင်းအလိုမှာပဲ သူ့ကို စစ်ကောင်စီက လဝကဝန်ကြီး အဖြစ်ကနေ အနားပေးလိုက်ပြီးတော့ ကျန်းမာရေးမကောင်းတဲ့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အစား ကြံ့ခိုင်ရေးပါတီမှာ ယာယီဥက္ကဋ္ဌအဖြစ် ပြန်လည်ဦးဆောင်စေခဲ့တာပါ။

ဒီနေ့ ပါတီရဲ့ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့သစ်ရွေးချယ်မှုကို မဲစနစ်နဲ့ ရွေးချယ်တာမျိုးမဟုတ်ဘဲ ဦးသန်းဌေး မပါတော့တဲ့ ဒုတိယဥက္ကဋ္ဌတွေ ဦးဆောင်တဲ့ ရွေးချယ်ရေး အဖွဲ့တစ်ခုကနေ ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ နေပြည်တော် သတင်း ရင်းမြစ်တွေက ပြောပါတယ်။

ပါတီ ဒုတိယဥက္ကဋ္ဌအဖြစ် စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ ပါတီ အတွင်းရေးမှူးအဖြစ် ကစထမှူးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးတို့ ဖြစ်လာ လိမ့်မယ်လို့ ပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေကပဲ ပြောပါတယ်။

သူတို့နှစ်ဦးစလုံး ဒီနေ့ပါတီညီလာခံကို တက်ရောက်လာခြင်း မရှိသေးပါဘူး။

ပါတီနဲ့ နီးစပ်သူတစ်ဦးကလည်း စာရင်းတွေ ထွက်လာလိမ့်မယ်လို့ ပြောပါတယ်။

"ပါတီကို စစ်တပ်က အရာရှိကြီးတွေ ထပ်ရောက်လာမယ်။ သူတို့ နှစ်ယောက်တည်းတင် မဟုတ်ပါဘူး။ စာရင်းလည်း နောက်ပိုင်း ထွက်လာပါလိမ့်မယ်"

ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၈) က ဖြစ်ပြီး ရန်ကုန်တိုင်းမှူး၊ ကစထမှူးနဲ့ စစ်ရေးချုပ်တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူရင်းလည်း ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးကတော့ စစ်တက္ကသိုလ် အပတ်စဉ် (၂၆) က ဖြစ်ပြီး တပ်မ (၃၃) တပ်မမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရ လက်ထက်မှာ ပြည်ထဲရေး ဒုဝန်ကြီး၊ ကစထမှူးနဲ့ လက်ရှိမှာလည်း ကစထမှူးအဖြစ် တာဝန်ယူထားသူတစ်ဦး ဖြစ်ပါတယ်။

USDP ပါတီဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကြီးကနေ ပေါက်ဖွားလာတာဖြစ်သလို NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ပါတီခေါင်းဆောင်ပိုင်းတွေမှာတော့ စစ်တပ်က အငြိမ်းစား ယူလာကြသူတွေနဲ့ အများစု ပါဝင်ဖွဲ့စည်းထားပြီး အရပ်သားပါ၀င်မှု အလွန်နည်းသလို အခုညီလာခံမှာလည်း စစ်ခေါင်းဆောင်ပိုင်းတွေပဲ နေရာထပ်ယူတာမျိုးကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။