ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း နေအိမ်ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှာရှိတဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ နေအိမ်ကို စစ်ကောင်စီက အောက်တိုဘာ ၁၂ ရက် မနေ့က လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားပြောဆိုမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။

"အိမ်တွေကို ချိတ်ပိတ်တာကတော့ တစ်တိုင်းပြည်လုံး ဖြစ်နေတဲ့အချိန်၊ တစ်တိုင်းပြည်လုံးမှာ ဒီလိုပဲ ဒုက္ခတွေရောက်နေတာဆိုတော့ ကျနော်တို့မိသားစု အတွက်ကတော့ ထူးခြားတဲ့ဟာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ရှိသ၍ကတော့ ကျနော်တို့တိုင်းပြည်မှာ ဒီလိုဒုက္ခတွေကတော့ ကြုံကြမှာပါ။ စစ်အာဏာရှင်တွေကတော့ သူတို့အလုပ်သူတို့လုပ်တာပေ့ါလေ။ ကျနော်တို့ကလည်း ကျနော်တို့အလုပ် ကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်"

အဲဒီနေအိမ်ဟာ ခွန်မြင့်ထွန်းရဲ့ မိသားစုပိုင်နေအိမ်ဖြစ်ပြီး စစ်တပ်၊ ရဲနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေ လာရောက်ပြီး ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။

အဲဒီအိမ်နေရာကို ၁၉၈၈ အရေးအခင်းကာလအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စတင်တည်ထောင်ချိန်ကတည်းက NLD ပါတီရဲ့ ဆိုင်းဘုတ်နဲ့ အလံထောင်ပြီး ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ အဆက်ဆက် ပါတီရုံးအနေနဲ့ အသုံးပြုခဲ့တာလို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ခွန်မြင့်ထွန်းဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို လက်ရှိမှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ညီလာခံ အပြီးမှာ ဖွဲ့စည်းခဲ့ပြီး အာဏာရှင်စနစ်အမျိုးမျိုးကို တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် ပါဝင်သွားမယ်လို့ စတင်ဖွဲ့စည်းခဲ့စဉ် ကြေညာထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှာလည်း ခွန်မြင့်ထွန်းက ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦပေါင်း ၇၈၀ ခုထက်မနည်း ရှိနေပါတယ်။