ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုချောင်းဘေး အောင် ဘာလေကျေးရွာအနီးမှာ တပ်စွဲထားတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် တပ်ရင်း ( ၆ ) က မိမိတို့တပ်စခန်းကို ဖယ်မပေးနိုင်ကြောင်းနဲ့ အဲဒီ့လိုဆုံးဖြတ်ချက်ဟာ ကေအိုင်အိုဗဟိုရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒီနေ့ ပြောပါတယ်။
အစိုးရက အဲဒီ့နေရာကို ဖယ်ရှားပေဖို့ အကြောင်းကြားလာပေမယ့် KIO ဗဟိုဌာနချုပ်ရဲ့ အမိန့်ဖြစ်တာကြောင့် မိမိတို့အနေနဲ့ တပ်စခန်းကို ကာကွယ်သွားရမှာပဲလို့ KIA တပ်ရင်း ( ၆ ) ဒုတိယတပ်ရင်းမှုး ဗိုလ်မှုးတန်ဆန့်က RFA ကိုပြောပါတယ်။
"လုံးဝရွှေ့ဖို့လည်း ကျနော်တို့လည်း စိတ်မကူးပါဘူး၊ ဌာနချုပ်ကလည်း ဒါကိုရွှေ့ဖို့ လုံးဝသဘောမတူပါဘူး"
အခုလ ၁၄ ရက်နေ့ကတည်းကစပြီး အစိုးရတပ်မ ၆၆ က KIA တပ်ရင်း ( ၆ ) ကို အဲဒီနေရာကနေ ဖယ်ရှားပေးဖို့ ဒေသခံတွေကနေတစ်ဆင့် အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။
တပ်မတော်နဲ့ KIA တပ်ရင်း ( ၆ ) တို့ဟာ ဥရုချောင်းတစ်ဘက်တစ်ချက်စီမှာ တပ်စွဲထားကြတာဖြစ်ပြီး ကံဆီးခေါ၊ ဆိုင်းငိုင်၊ အောင်ဘာလေ၊ ပေါက်ဆာဘီး၊ ကံဆီးရွာကြီး စတဲ့ရွာတွေဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနိုင်တဲ့ ဧရိယာထဲမှာ ရှိနေကြပါတယ်။
အဲဒီ့ရွာတွေမှာ ဒေသခံရွာသား ထောင်နဲ့ချီနေထိုင်ကြကာ လက်ရှိအချိန်ထိ စာသင်ကျောင်းတချို့လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ အဲဒီ့နေရာမှာ အနယ်နယ်အရပ်ရပ်က တနိုင်တပိုင် ရေမဆေးကျောက် လာရောက်ရှာဖွေတူးဖော်နေကြသူတွေ နှစ်သိန်းနီးပါးလောက် လုပ်ကိုင်လျှက်ရှိတယ်လို့လည်း သိရပါတယ်။
KIA တပ်ရင်း ( ၆ ) က ဒုတိယတပ်ရင်းမှူး ဗိုလ်မှုး တန်ဆန့်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင် KIA တပ်ရင်း ( ၆ ) နဲ့ အစိုးရစစ်တပ် တို့ကြား တင်းမာမှုရှိနေတာကြောင့် တိုက်ပွဲတွေဖြစ်မှာကို ဒေသခံတွေ စိတ်ပူနေကြပါတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဖားကန့်ဒေသခံတချို့ကို မသင်းသီရိက မေးမြန်းတင်ပြထား ပါတယ်။