ဖားကန့်တိုက်ပွဲ ဗိုလ်မှူးအပါအဝင် နှစ်ဦး သေဆုံးပြီး ၁၄ ဦး ဖမ်းမိကြောင်း KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ရွာကနေ ဆိုင်းတောင်ရွာဘက်ကို ဆုတ်ခွာလာတဲ့ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က မတ်လ ၁၂ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ KIA က ပြောပါတယ်။

တာမခန်ရွာကနေဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၁၁၉) စစ်ကြောင်းကို ဆိပ်မူရွာအနီး ဆုတောင်းပြည့်တောင်တစ်ဝိုက်မှာ KIA နဲ့ ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း ဗိုလ်မှူးတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ဖမ်းဆီးရမိတာ မှန်ကန်ကြောင်း KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

"တာမခန်ကနေ ဆိုင်းတောင်ဘက်ဆုတ်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်တာပါ။ ဗိုလ်မှူးတစ်ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေဖမ်းမိတယ်ဆိုတာ မှန်ပါတယ်။ ဖမ်းမိတဲ့ သူတွေကိုတော့ စစ်သုံ့ပန်းဥပဒေအတိုင်း ပြုစုစောင့်ရှောက်ထားပါတယ်။ သံသုံးတောင်စခန်းကိုလည်း သိမ်းလိုက်ပြီ"

မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း ကသိုဏ်းတောင်နဲ့ ဆိုင်းအောင်ရွာကြားက သံသုံးတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကသိုဏ်းတောင်စခန်းနဲ့ သံသုံးတောင်စခန်း သိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာရှိပေမယ့် စစ်သုံ့ပန်းဖမ်းမိတာ ရှိ၊ မရှိကိုတော့ လတ်တလောမသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲတွေက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ဥပဒေအရဆောင်ရွက်ဖို့ စီစဉ်နေတာရှိပေမယ့် ဘယ်ကာလမှာ တရားစီရင်မယ်ဆိုတာကို လတ်တလောမပြောနိုင်သေးဘဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

KIA ဘက်ကပြောဆိုတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ဖမ်းဆီးခံရမှု အရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

၂၀၂၄ ခုနှစ် နှစ်စကနေ မတ်လ ၁၃ ရက်နေ့အထိ ဖားကန့်မြို့ရဲ့ အဓိကဝင်ပေါက်နေရာတွေမှာရှိတဲ့ ဝှေခါဗျူဟာကုန်းစခန်း၊ နန့်တိန်ဗျူဟာကုန်းစခန်း၊ တာမခန်တပ်စခန်း၊ ကသိုဏ်းတောင်တပ်စခန်းနဲ့ သံသုံးတောင်တပ်စခန်းတွေကို (KIA) က ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် လိုင်ဇာတစ်ဝိုက်နဲ့ မြစ်ကြီးနား - ဗန်းမော်ကားလမ်းတစ်လျှောက်မှာရှိနေတဲ့ တပ်စခန်း ဆယ်ခုထက်မနည်းကိုလည်း တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်ပတ်ရှိလာပြီ ဖြစ်ပါတယ်။