မိုးမောက်မြို့မှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ သေဆုံး

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021-05-07
Share

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ရဲတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ရရာလက်နက်နဲ့ စွဲကိုင်ပြီး ပြန်လည်ခုခံနေတာကြောင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ နေရာအနှံ့မှာဖြစ်နေသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ဆီးဟတ်ကျေးရွာအနီးက တာဝါတိုင်ကုန်းမှာ မေလ ၆ ရက် မနေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့  စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ ဘက်က စစ်သား ၃၀ လောက် ကျဆုံးခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံရွာသားတွေက ပြောပါတယ်။

မနေ့က လေယာဉ်တွေနဲ့အထိပါ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၃၀ လောက် ကျဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆီးဟက်ကျေးရွာ ဒေသခံရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လေယာဉ်တွေအသုံးပြုပြီး အရင်ကထက် ပိုပြီးပစ်ခတ်နေသလို လက်နက်ကြီးတွေ အသုံးပြုပစ်ခတ်တာလည်း ရှိတယ်လို့ဆိုပါတယ်။

မနေ့ကတိုက်ပွဲနဲ့ ပတ်သက်ပြီး KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ် မေးမြန်းရာမှာ၊ အကျအဆုံးတွေရှိပေမဲ့ တိတိကျကျပြောနိုင်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒါ့အပြင် KIA ရဲ့စစ်ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက အလောဘွမ်စခန်းကို စစ်ကောင်စီဘက်က အင်အားသုံးပြီး ထိုးစစ်ဆင်နေပေမယ့် KIA ဘက်ကတော့ အခုချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်ထဲက ဒေသခံတွေဟာ ထွက်ပြေးနေကြရပြီး စားဝတ်နေရေးအခက်အခဲ အပြင် ထားခဲ့ရတဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှူံးရတော့မယ်လို့ ဆီဟတ်ရွာ ဒေသခံ နောက်တစ် ယောက်က RFA ကိုပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၁၅ ရက်အကြာမှာ တကျော့ပြန်ဖြစ်လာတဲ့ ကချင်ပြည်နယ်ထဲက နှစ်ဘက် တိုက်ပွဲ တိုက်ပွဲတွေဟာ လက်ရှိရက်ပေါင်း ၈၀ လောက်အတွင်း အကြိမ်ရေ ၁၀၀ လောက်ရှိပြီး စစ်ကောင်စီ ဘက်က လေယာဉ်နဲ့ဗုံးကျဲတာလည်း အကြိမ် ၆၀ ထက်မနည်းရှိတယ်လို့ ကချင်စစ်ရေးလေ့လာသုံးသပ်သူတွေ က ဆိုပါတယ် ။

စစ်ဘေးကြောင့် ထွက်ပြေးပုန်းရှောင်နေရသူကလည်း ၁၂၀၀၀ ကျော်လာပြီဖြစ်ပြီး သံဃာတော်နှစ်ပါး အရပ်သား ၁၅ ယောက်အထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း ဧပြီလ ၆ ရက် မနေ့က အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ဖွဲ့စည်းထားတဲ့ ကနီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ သုံးနေရာမှာ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ပြည်သူတွေဘက်က နှစ်ယောက်သေဆုံးခဲ့ကာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံး ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

လက်နက်ကိုင်တွေရှိတယ်ဆိုပြီး သတင်းပေးသူက ခေါ်ဆောင်လာတဲ့နောက် စစ်ကောင်စီလက်အောက်ခံ စစ်သားအင်အား ၁၀၀ ကျော်နဲ့ ပြည်သူတွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မှန်တောင်ရွာအနီးမှာ မနေ့က မနက် ၁၁ နာရီမှာစတင် ပစ်ခတ်ခဲ့ကြပြီး ၁ နာရီကျော်ကြာမြင့်ခဲ့ပါတယ်၊ သမင်ခြံရွာအနီးမှာတော့ ညနေ ၃ နာရီကျော်မှာ ဖြစ်ပွားခဲ့ကာ မြွေပိုင်းတောင်အနီးမှာတော့ မနက်ပိုင် ၁ ကြိမ်နဲ့ ညနေပိုင်း ၁ ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

လက်နက်ကြီးနဲ့ ပစ်နေတဲ့သူတွေကို တူမီးသေနတ်နဲ့ တုံ့ပြန်နေရတာမို့ လက်နက်အကူညီတွေ လိုအပ် နေတယ်လို့ ကနီမြို့နယ် ပြည်သူကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက်က RFA ကိုပြောပါတယ်။

မေလ ၇ ရက်နေ့ ဒီကနေ့ မနက်မှာလည်း ကနီမြို့နယ်အတွင်းက သမင်ခြံကျေးရွာ နောက်ကျောနဲ့ အဲဒီကျေးရွာအနီး စစ်ကောင်စီတွေ ရပ်ထားခဲ့တဲ့ယာဉ်တွေနားမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီကနေ့ အထိအခိုက်အခြေအနေကို အတိအကျမသိရသေးဘဲ ပြည်သူတွေထောင်ထားတဲ့ မိုင်း ၇ လုံးတော့ ပေါက်ကွဲသံကြားရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်နေလို့ နောက်ဆုတ်နေရတယ်လို့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့အဝင်က ဆိုပါတယ်။

မနေ့က မေလ ၆ ရက်နေ့က ညနေပိုင်း တိုက်ပွဲအေးသွားတဲ့အချိန် မှန်တောင်တိုက်ပွဲက ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းမရွာထဲမှာ စက်သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၀ နှစ် အရွယ်ကလေးငယ်လေး ဆီးခုံကိုကျည်ထိမှန်ခဲ့လို့ ဆေးကုသနေရတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာတွေထဲထိ ဝင်ရောက်ပစ်ခတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။

အလားတူပဲ ကနီမြို့မှာပဲ ချင်းတွင်းမြစ်ထဲမှာ စက်လှေနဲ့လာတဲ့ စစ်ကောင်စီရဲ့တပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ မနေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ပြည်သူတွေဘက်က လူငယ်တစ်ယောက်ကျဆုံးခဲ့ကာ စစ်ကောင်စီဘက်က လေးယောက်ကျဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် မျက်မှောက်ခေတ်သတင်းဌာနကလည်း စစ်ကောင်စီဘက် အမှတ် ၄၀၄ အမြောက် တပ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးသန့်စင်မြင့် (ခေတ္တတပ်ရင်းမှူး)နဲ့ အခြားအဆင့်အချို့ ကျဆုံးတယ်လို့ ဖော်ပြထားပါတယ်။

RFA အနေနဲ့ စစ်ကောင်စီပြန်ကြားရေးရဲ့ ဒုဝန်ကြီးဆိုသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်နေဆဲဖြစ်သလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

အလားတူ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း စစ်ကောင်စီတပ်သားတွေ ကျဆုံးမှုအခြေအနေကို ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မေလ ၇ ရက် ဒီကနေ့ မနက် ၉ နာရီလောက်မှာလည်း ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ အူးသူးထာ့(ဥသုတ)ခြေကုတ်စခန်းတစ်ခုကို KNU တပ်မဟာ ၅ က ဝင်ရောက်ရှင်းလင်း ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီစခန်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့စစ်သား ဆယ်ယောက်လောက်ဟာ မေလ ၆ ရက် မနေ့ည ကတည်းက စခန်းကိုစွန့်ခွာထွက်ပြေးသွားလို့ လက်နက်ကြီးကျည် အဟောင်းတချို့သာ တွေ့ခဲ့ရတယ်လို့ နယ်ခံတစ်ယောက်ကပြောကြောင်း ဒေသအခြေစိုက် KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တဘက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ် PDF ဟာ ပြည်တွင်းမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်အလိုက် ဖြစ်ပေါ် လာတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ အရင်ကတည်းက သတင်းအချက်အလက်တွေ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက RFA ကို ဒီရက်ပိုင်း ပြောထားပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်းထားသလို၊ ပြည်သူ့ကာကွယ်ရေးတပ် PDF (ဗဟို) အောက်မှာလည်း ပြည်တွင်းနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် အရေးကြီးကဏ္ဍ ၅ ခု ဖွဲ့စည်းထားတယ်လို့ ဒေါ်ခင်မမမျိုးက ပြောထားပါတယ်။

ဒါကြောင့် လက်ရှိ ရရာလက်နက်စွဲကိုင်တော်လှန်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီလက်ပါးစေ စစ်သားနဲ့ရဲတွေရဲ့ ထိတွေ့တိုက်ပွဲတွေနဲ့ ပြောက်ကျားခုခံမှုတွေဟာ နေရာအနှံ့နီးပါးအထိ ပိုများလာနိုင်ခြေ ရှိနေပါတယ်။

ဗုံးပေါက်ကွဲမှုတွေအနေနဲ့လည်း မန္တလေးမြို့မှာ မေလ ၇ ရက်နေ့ ဒီကနေ့မှာတော့ အသံဗုံး၊ လက်လုပ်ဗုံးစတဲ့ ပေါက်ကွဲမှု ဆယ်နေရာနီးပါးရှိခဲ့ပါတယ်။

ပေါက်ကွဲခဲ့တဲ့နေရာတွေကတော့ ၆၃ လမ်း၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြားက အာမခံရုံး၊ ပြည်ကြီးတံခွန်မြို့နယ်က ဥပဒေရုံး၊ ၈၆ လမ်းနဲ့ ၈၇ လမ်းအနားက စည်ပင်သာယာရေမီတာရုံးနား၊ ကျွဲဆည်ကန်နားက လဝက ရုံး၊ အမရပူရ ရွှေဂွမ်းထုပ်ရပ်ကွက်ရုံး၊ မစိုးရိမ်စာသင်တိုက်သစ်နား၊ ချမ်းမြသာစည်မြို့နယ်ရဲမှူးရုံး၊ တမ္မပဝတီ ရဲစခန်း၊ တောင်သမန်အုပ်ချုပ်ရေးမှူးရုံးနဲ့ ၆၃ လမ်းနဲ့ လမ်း ၃၀ အနားတို့ ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုတွေကြောင့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ RFA ကနေ ကနဦး စုံစမ်းသိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့