အာဏာသိမ်းပြီးနောက် KIA ထဲ ဝင်လာတဲ့ စစ်ကောင်စီတပ်သား ၅ဝဝ ကျော်ရှိ

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်လွတ်မြောက်ရေးတပ်(KIA) ထဲကို လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား အယောက် ၅ဝဝ ကျော်ရှိပြီလို့ KIA က ထုတ်ပြန်ပါတယ်။

ရဲဝန်ထမ်းတွေ၊ စစ်သားတွေနဲ့ ပညာရှင်တွေပါဝင်တယ်လို့ KIA ရဲ့ သတင်းဌာနဖြစ်တဲ့ NDI သတင်းမှာ မနေ့က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအောက်မှာ ဆက်အလုပ်မလုပ်ချင်တော့တဲ့ တပ်သား၊ရဲသားတွေဟာ CDM လုပ်ပြီး တိုင်းရင်းသားဒေသတွေကို ထွက်ပြေးခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် တချို့က တတိယနိုင်ငံမှာ ခိုလှုံခွင့် ရခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အနေနဲ့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအစောပိုင်းကစပြီး ကချင်ဒေသပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် ဗဟိုကော်မတီဖွဲ့ပြီး စစ်ကောင်စီတပ်သားတွေကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေကို ဆုကြေးငွေ ချီးမြှင့်ခဲ့သလို အလုပ်နေရာတွေ ဖန်တီးပေးထားတယ်လို့လည်း NDI သတင်းမှာ ဖော်ပြပါတယ်။ CDM မှာ ပါဝင်ခဲ့တဲ့ သူတို့တွေဟာ KIA တပ်စခန်းတွေမှာ ရောက်နေပြီး၊ စခန်းမရောက်သေးသူတွေကိုတော့ လုံခြုံတဲ့နေရာမှာ ထားပေးထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း ၂၁ လအတွင်း CDM ဝင်လာတဲ့ ရဲနဲ့ စစ်သည် တစ်သောင်းကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က RFA ကို ပြောထားပါတယ်။

စစ်ကောင်စီဘက်ကတော့ CDM တပ်သား၊ရဲသားတွေနဲ့ ပတ်သက်လို့ ဘာမှထုတ်ပြန်ထားတာ မရှိပါဘူး။