သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်
2024.07.26
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာက ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
KIA ရဲ့ တပ်မဟာအသစ်ဖြစ်တဲ့ တပ်မဟာ (၁၁) က သိမ်းတာဖြစ်ပြီး အသေးစိတ်အချက်အလက် မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“တွင်းငယ်ရဲစခန်း သိမ်းတာကတော့ မှန်ပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်ပေါ့။ ကျွန်တော်တို့ အစဖွင့်နေတဲ့ တပ်မဟာ (၁၁) အဖွဲ့တွေသိမ်းတာ ဟုတ်ပါတယ်။ သတင်းအချက်အလက် အသေးစိတ်တော့ မသိရဘူး”
ဒီအပြင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်က ခြေမြန်တပ်ရင်း ခမရ (၄၃၇) နဲ့ မံစီမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်ကျင်း ဒေသခံတစ်ဦးကတော့ မနေ့က တွင်းငယ်ရဲစခန်း စီးနင်းသိမ်းပိုက်မှုမှာ လက်နက်တွေပါ သိမ်းဆည်းရမိတာရှိတယ်လို့ RFA ကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲမှာ KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူပေါင်းတပ်တွေက ဇူလိုင်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ဒီလထဲမှာပဲ အင်းနက်နဲ့ တောင်လယ်ကျေးရွာက တပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အခုနှစ်ဆန်းပိုင်းကစလို့ ကချင်၊ ရှမ်းနဲ့ စစ်ကိုင်းတိုင်းက မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။