ကချင်ပြည်နယ် မန်စီမြို့နယ်က ကေအိုင်အေ တပ်ရင်း ၁၂ အခြေစိုက်စခန်းကို တပ်မတော်က သိမ်းပိုက် လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ တပ်စခန်းကို အစိုးရတပ်က လေကြောင်းပစ်ကူ အပါ အဝင် ခြေလျင်တပ်တွေ အများအပြားတက်ပြီး ထိုးစစ်ဆင်တာကြောင့် ဆုတ်ပေးလိုက်ရတဲ့အကြောင်း တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင် က အတည်ပြု ပြောပါတယ်။
"သူတို့ဝင်တာက မနေ့က ၁၀ နာရီမှာ စခန်းမှာဝင်တာ၊ ကျနော်တို့ ဆုတ်ပေးလိုက်တာတော့ သုံးလေး ရက်လောက်ရှိပြီ၊ များတယ် သူတို့က ခြေလျင်နဲ့ တပ်ရင်း လေးငါးရင်းလောက်ရှိတယ်၊ တစ်ရက်မှာ လေယာဉ် ၂ စင်း ၃ စင်းနဲ့ လာတိုက်တာ လေးငါးရက်ရှိတယ်၊ တပ်ရင်း ၂၇ ဘက်တော့ မရောက်သေးဘူး ဒါပေမဲ့ သူတို့ စစ်ဆင်ရေးလုပ်ထားတာတော့ ဒီဇင်ဘာလလယ်လောက်ကနေ တပ်ရင်း ၂၇ နဲ့ အဲဒီကြားမှာ ဝင်နေတာတော့ ကြာပြီ"
တပ်မတော် သတင်းထုတ်ပြန်ချက်ထဲမှာ အဲဒီစခန်းဟာ သစ်ခိုးထုတ်ရာလမ်းကြောင်းကို အဓိက ထိန်းချုပ်နေ တဲ့ အေအိုင်အေရဲ့ စခန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကေအိုင်အေဘက်က တပ်ဖွဲ့ဝင် တချို့ သေဆုံးခဲ့ကြောင်းနဲ့ လူနေအဆောက်အအုံ အလုံး ၂၀၊ သစ်မျိုးစုံ ၁၀၈ တန်၊ သစ်တင်ယာဉ် ၄ စီး၊ ဂျစ်ကားနှစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဆက်ကြေးကောက်ခံရရှိကြောင်း ပြေစာဖြတ်ပိုင်းတွေနဲ့ ၆၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် လက်နက်မျိုးစုံ ၅ လက်ကို ရရှိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ အစိုးရတပ်က တပ်မ ၈၈ နဲ့ စကခ(၂၁) လက်အောက်ခံတပ်တွေက မြေပြင်ကနေ တိုက်ခိုက်ကြ တာဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေဟာ မိုင်းခေါင်နဲ့ မန်ဝိန်းကြီး ကျေးရွာတွေဆီကို အားလုံးပေါင်း ၂၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
အဲဒီဒေသမှာ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကနေ တိုက်ပွဲတွေဖြစ်နေပြီး အစိုးရတပ်တွေရဲ့ အင်အားဖြည့်တင်း ထားတဲ့ အခြေအနေတွေအရ နောက်ထပ်လည်း တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နိုင်တယ်လို့ နယ်စပ်စစ်ရေးလေ့ လာသူတွေက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အခုနောက်ပိုင်း အစိုးရတပ်တွေက လေကြောင်းပစ်ကူတွေနဲ့အတူ ထိုးစစ်တွေ အဆက်မပြတ်လုပ်နေတာကြောင့် ကေအိုင်အေက ဆုတ်ပေးလိုက်ရတဲ့ တပ်စခန်းတွေ တော်တော်များလာတယ် လို့လည်း သိရပါတယ်။