ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးက ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်စခန်းနှစ်ခုကို စက်တင်ဘာ ၁၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ခြေကျင်ထိုးစစ်ဆင်ပြီး လေကြောင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပြီး သိမ်းယူခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဝခါးပိုစ့်နဲ့ ငါးဂမ်ပိုစ့် နှစ်ခု ကို တိုက်တာဟုတ်တယ်။ ငါးဂမ် ပိုစ့်က အသေးပဲ၊ လေယာဉ်နဲ့ လာပစ်တယ်။ မနက်ပိုင်း တစ်ကြိမ် နေ့လည်ပိုင်းတစ်ကြိမ် ဒီဝါရာဇွပ် နောင်မီနားမှာ ပြန်လှည့်ယူပြီး ပစ်ပစ်နေတယ်။ ဂျက်ဖိုက်တာနဲ့ တစ်ခါလာရင် လေးစီး နဲ့ လာပစ်တယ်။ သူတို့ စကစဘက်က ကလည်း ကျတာများလို့ လေယောဉ်ခေါ်လိုက်တာ ဖြစ်နိုင်တယ်။ ခြေကျင်နဲ့ ထိုးလာတာကို KIA က လမ်းမှာ တိုက်တာ။ ဝခါးပိုစ့်မှာတော့ လူမရှိတော့ဘူး။ သတင်းကြားလို့ KIA တွေက လမ်းမှာ စောင့်ပြီးတိုက်တာ။ ဝခါး ပိုစ့် ကိုတော့ မီးရှို့ပေးလိုက်ကြပြီ။ အခုစကစတွေ ထိုင်နေတယ်။ အဲမှာ ကေအိုင်အေရဲ့ အုပ်ချုပ်ရေးရုံးလည်းရှိတယ် စီးပွားရေးရုံးလည်း ရှိတယ်"
တိုက်ပွဲက မနက်ပိုင်း ၁၀ နာရီဝန်းကျင်က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ညနေပိုင်း ၃ နာရီထိ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ ရှဒူးဇွပ်ကျေးရွာမှာ ထိုင်တဲ့ ခလရ ၂၉၇ တပ်ရင်းကလည်း လက်နက်ကြီးတွေ ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
KIA ရဲ့ သတင်းဌာနဖြစ်တဲ့ The Kachin Net သတင်းဌာနကလည်း မနက် ၁၀ နာရီခန့်က ဝခါးပိုစ့်ရှိရာဘက်ကို မြစ်ကြီးနား က တက်လာတဲ့ ဂျက်ဖိုက်တာ လေးစီးနဲ့လာပစ်ခဲ့ပြီး စစ်ကောင်စီတပ် တပ်မ ၈၈ နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ခြေလျင်တက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဝခါးပိုစ့်ဟာ အခုနှစ် ဇွန်လတုန်းက KIA သိမ်းပိုက်ယူထားတဲ့နေရာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။