ဖားကန့်က တာမခန်တပ်စခန်း စွန့်ခွာ၊ လေးရက်အတွင်း တပ်စခန်း နှစ်ဆယ်ခန့်ကို KIA သိမ်းထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းမြေဝင်ပေါက်လိုဖြစ်နေတဲ့ တာမခန်ရွာမှာ အခြေစိုက်တဲ့စစ်ကောင်စီတပ်ဟာ မတ်လ ၉ ရက်နေ့ညမှာ တပ်စခန်းကို စွန့်ခွာသွားတာကြောင့် (KIA) က နေရာယူလိုက်ပြီလို့ ဒေသခံတွေနဲ့ (KIA) ဘက်က ပြောပါတယ်။

ခြေမြန်တပ်ရင်း ခမရ (၁၁၉) အခြေစိုက်တဲ့ တာမခန်စခန်းကုန်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ပတ်အကြာမှာတော့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်သွားတာလို့ ဆိုပါတယ်။

စခန်းမှာကျန်ခဲ့တဲ့ လက်နက်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး အဲဒီစခန်းကို (KIA) ကနေရာယူလိုက်ပြီလို့ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“လက်နက်ချတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ သူတို့က ထွက်ပြေးသွားတာဖြစ်ပါတယ်။ စခန်းထဲမှာ ပစ္စည်းတချို့တလေ ထားခဲ့တာ။ အဲဒါကြောင့် စခန်းကို ကျွန်တော်တို့အဖွဲ့တွေ ရှင်လင်းရေးလုပ်ပြီးပြီး။ တာမခံစခန်းကတော့ ကျွန်တော်တို့ ပြန်ထိုင်နေပါပြီ”

မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ စစ်ဆင်ရေး လေးရက်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း နှစ်ဆယ်နီးပါးကို ထပ်မံသိမ်းယူထားတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

တာမခန်စခန်းကုန်းအပြင် ဖားကန့်မြို့ရဲ့ဝင်ထွက်ပေါက်လိုဖြစ်နေပြီး စစ်ရေးအရအရေးပါတဲ့ ဝှေခါ ဗျူဟာကုန်းနဲ့ နန့်တိန် ဗျူဟာကုန်းကိုလည်း (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းယူထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ်၊ နှစ်စကနေ မတ်လ ၁၀ ရက်နေ့ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းပေါင်း သုံးဆယ်ကျော်ကို (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားပါတယ်။