မံစီမြို့နယ် စီခမ်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို KIA သိမ်းယူ

RFA Burmese
2024.02.19
မံစီမြို့နယ် စီခမ်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို KIA သိမ်းယူ မံစီမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
သုညသုခ ပရဟိတ လူမှုကူညီရေးအသင်း

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးရွာအနီးက စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းကို ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ တိုက်ပွဲအတွင်း ပါဝင်နေသူတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း KIA နဲ့အတူ ရက္ခိုင့်တပ်တော် (AA) နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

ဒီဗျူဟာကုန်းကို ဖေဖော်ဝါရီလ ၁၆ ရက်ကစလို့ KIA ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

လေးရက်နီးပါးကြာအောင်တိုက်ခိုက်ပြီးနောက် သိမ်းယူလိုက်နိုင်တာလို့ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် ၁၁ နာရီလောက်က ရသွားပြီ။အခုက ရှင်းလင်းရေးလုပ်နေတယ်။ သူတို့ကလည်း နေ့ရော ညပါ လေကြောင်းနဲ့လာပစ်ပြီး ခုခံနေတဲ့ကြားက သိမ်းလိုက်နိုင်ပြီ။ စကစတွေ ရွာထဲကို လက်နက်ကြီး လေယာဉ်တွေနဲ့ ရမ်းပစ်လို့ သေဆုံးရတဲ့ဒေသခံတွေလည်းရှိတယ်။ အခုထိ စကစ လေကြောင်းတွေ ဝဲနေဆဲပဲ”

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဗျူဟာကုန်းတိုက်ခိုက်သိမ်းယူမှုနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီဗျူဟာကုန်းဟာ ဗန်းမော် -မန္တလေး ပြည်ထာင်စုလမ်းမ ပေါ်မှာရှိပြီး နှစ်ပေါင်း ၃၀ ဝန်းကျင် အခြချနေထိုင်တဲ့ တပ်စခန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၁၂၁၊ ခလရ-၂၇၆၊ ခလရ-၁၂၃နဲ့ ခလရ-၁၅ တို့ ပူးပေါင်းတပ်စွဲထားတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်လေးဆယ်နီးပါးလုပ်ခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေအတွင်း အရပ်သားခြောက်ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ဒီ့အပြင် သံတံတား၊ မလင်၊ စီခမ်းကြီး၊ စီကော် စတဲ့ ရွာတွေက ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။