မံစီမြို့နယ် မဂျီဂုံဗျူဟာကုန်းတပ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ မံစီမြို့နယ် မဂျီဂုံရွာက စစ်ကောင်စီ ဗျူဟာကုန်းတပ်စခန်းကို မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီ ဗျူဟာကုန်းတပ်စခန်းဟာ ခြေလျင်တပ်ရင်း ခလရ (၁၀၂) နဲ့ (၂၅၀)၊ ခြေမြန်တပ်ရင်း ခမရ (၄၂၇) တပ်ရင်းတွေက အင်အား နှစ်ရာကျော်နဲ့ ဆယ်စုနှစ်တစ်ခုကြာ အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းဖြစ်ပြီး မတ်လ ၁ ရက်နေ့ကတည်းက KIA ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ဆိုပါတယ်။

တပ်စခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် အဆောက်အအုံတချို့ကို KIA ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မဂျီဂုံရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စခန်းသိမ်းလိုက်တာ သေချာတယ်။ ကျွန်တော်တို့ မတ်လ ၁ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာကို ကြားနေရတယ်။ မနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာတော့ စခန်းသိမ်းလိုက်နိုင်တယ်လို့ သတင်းကြားတယ်။ အဲဒီစခန်းကိုတော့ KIA က မီးရှို့လိုက်တယ်။ စစ်သားတွေကတော့ ဗန်းမော်ဘက်ကို ထွက်ပြေးသွားကြတယ်လို့ ကြားတယ်"

မဂျီဂုံရွာဟာ အိမ်ခြေ တစ်ရာနီးပါးနဲ့ လူဦးရေ နှစ်ရာကျော် နေထိုင်တာဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတာကြောင့် ဒေသခံ အများစုဟာ ရွာမှာမနေဘဲ တောင်ယာတွေမှာ နေထိုင်ကြတာလို့ သူကဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံတွေကပြောဆိုကြပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးစိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆယ်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ဆယ်ခုထက်မနည်းကို သိမ်းယူခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး အွန်လိုင်းစာမျက်နှာ The Kachin Net ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။