မိုးမောက်က စစ်ကောင်စီအမှတ် ၃၇၀ အမြောက်တပ်ရင်းကို KIA သိမ်းယူ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ်-၃၇၀ အမြောက်တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ တိုက်ပွဲအတွင်းပါဝင်နေသူတွေက ပြောပါတယ်။

မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်က မခွယ်ရွာနဲ့ နောင်ကွမ်ရွာကြားမှာရှိတဲ့ အမတ ၃၇၀ ကို မနက် ၆ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းယူခဲ့တာလို့ ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။

“တိုက်တာက တစ်နာရီလောက်ပဲ ကြာတယ်။ စခန်းတစ်ခုလုံးကို သိမ်းလိုက်နိုင်ပြီ။ အခုက မိုးမောက်မှာ စခန်းကြီးက သိမ်မကျန်တော့ဘူး။ မြို့သစ် ခမရ (၃၈၇)၊ အမြောက်တပ် (၃၂၀)နဲ့ စိန်လုံ ဗျူဟာကုန်း။ အဲဒါတွေလောက်ပဲ ကျန်တော့တယ်”

စစ်ကောင်စီဘက်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ သူက ထုတ်မပြောပါဘူး။

မိုးမောက်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီရဲ့အဓိကစခန်းသုံးခုလောက်ပဲ ကျန်တော့တယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတွေက မတ်လ ၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။