စစ်ကောင်စီတပ်စခန်း နှစ်ဆယ်ကျော်ကို KIA သိမ်းယူ

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေက မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၇ ရက်နေ့အထိ ဆယ်ရက်တာအတွင်း စစ်ကောင်စီရဲ့တပ်စခန်းနှစ်ဆယ်ကျော်ကို သိမ်းယူထားနိုင်ပြီလို့ KIA က ပြောပါတယ်။

လိုင်ဇာအနီးပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအများအပြားကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူခဲ့တာလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အထူးသဖြင့်ကတော့ မြစ်ကြီးနား-ဗန်းမော်ကားလမ်း တစ်ကြောလုံးမှာ တိုက်ပွဲဖြစ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုင်ဇာဌာနချုပ်အနီးပတ်ဝန်းကျင်က စကစရဲ့စခန်းတွေအတော်များများကို တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်လို့ရပါပြီ။ ဒါပေမဲ့ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ မြစ်ကြီးနား-ဗန်းမော် တစ်ကြောလုံးက စကစ အရေးကြီးတဲ့ စခန်းတွေကတော့ ဆယ်ခုလောက်ရှိပါပြီ။ သူတို့ရဲ့လုံခြုံရေးစခန်းတွေအားလုံးပေါင်းရင် နှစ်ဆယ်ကျော်ရှိပါပြီ။“

မတ်လ ၁၇ ရက်နေ့မှာလည်း ကချင်ပြည်နယ် မိုးမိတ်မြို့နယ် ဆန်ဂန်အနီး စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်စခန်းငါးခုကို သိမ်းယူထားနိုင်ပြီလို့ သတင်းထွက်ပေါ်နေပေမဲ့ ဗိုလ်မှူးကြီးနော်ဘူက ဒီကိစ္စကိုတော့ အတည်မပြုနိုင်သေးလို့ ဆိုပါတယ်။ ဒါ့အပြင် ဆွမ်ပရာဘွမ်စခန်းကုန်းကို KIA တပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး အပြီးသတ်သိမ်းယူနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

KIA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးနဲ့ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ မိုးမိတ်မြို့နယ်က ကျန်နေသေးတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေပါတယ်။ ဒါ့အပြင် KIA တပ်မဟာ (၉) ထိန်းချုပ်နယ်မြေ ဖားကန့်မြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီအတွက် အရေးပါတဲ့ ခယာဘွမ် ၊ ဖွန်းပျဲန်ဘွမ်၊ ခလရ (၂၃၇)နဲ့ ခလရ ၁၄၂ စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာပါ။

ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။