သပိတ်ကျင်းမှာ မိုးကြိုးပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည်သုံးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
2024.05.04
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကိုးပင်ရွာက စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့အနားမှာ မေလ ၂ ရက်နေ့ ညနေပိုင်းမှာ မိုးကြိုးပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသားသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့သူသုံးဦးဟာ အသက် ၄၀ အရွယ်တွေဖြစ်တဲ့ ကိုမျိုးမြင့်၊ ကိုဇော်ဦးနဲ့ ကိုဝင်းလွင်တို့ဖြစ်ပြီး ဒဏ်ရာရတဲ့ အမည်မသိရသေးသူ ခုနစ်ဦးကတော့ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
မိုးကြိုးစက်ကွင်းမလွတ်တာကြောင့် သုံးဦးကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့ သပိတ်ကျင်းမြို့ခံ ကိုဝင်းရွှေက RFA ကိုပြောပါတယ်။
"ကိုးပင်ရွာက စစ်ရှောင်တွေပါ။ သူတို့က ရွာထဲကနေ ခပ်လှမ်းလှမ်းမှာရှိတဲ့ တောင်ယာတွေကို သွားရှောင်နေတဲ့အချိန် မိုးကရွာပြီး မိုးကြိုးပစ်တာ။ အဲဒီနေရာမှာ စစ်ရှောင်ရှစ်ဆယ်ကျော် ရှိတယ်။ အဲဒီအထဲက သုံးဦး သေ၊ ခုနစ်ဦး ဒဏ်ရာရတာ။ အရမ်းပူနေတဲ့အချိန် အပူအအေးမမျှတဘဲ ဖြစ်တာထင်တယ်"
ဒါ့အပြင် မိုးရွာသွန်းတာကြောင့် စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ယာယီအဆောက်အအုံတချို့ပါ ပျက်စီးခဲ့ပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဆေးကုသမှုခံယူနေသူ ခုနစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိတော့ပေမယ့် စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးတချို့နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ဒီပဲယင်း၊ မုံရွာ၊ ဆားလင်းကြီးမြို့နယ်တွေမှာ မေလ ၁ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်သုံးရာထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။