ကမ္မမြို့မှာ စစ်ကြောင်းဝင်လာစဉ် အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာစဉ် အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရသလို မကျီးတန်းရွာက နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မတ်လ ၇ ရက်နေ့မှာ ပြောပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) က အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့က အသက် ၈၂ နှစ်အရွယ် ဒေါ်ကြည်အောင်နဲ့ သမီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်မိခိုင်တို့ကို မတ်လ ၄ ရက်နေ့မှာ သတ်ဖြတ်ခဲ့တာလို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ျာက ပြောပါတယ်။

"သမီးဖြစ်သူကို သားမယားအဖြစ် ပြုကျင့်ပြီးခါမှ မအေရော၊ သမီးရော သတ်သွားတယ်။ သေဆုံးတဲ့ အမျိုးသမီးရဲ့ ရင်ဘတ်၊ နောက်ကျောတွေ ဓားနဲ့မွှန်းထားတယ်။ သားမယားအဖြစ် ပြုကျင့်ထားတဲ့ပုံစံမျိုး တွေ့ရှိရတယ်"

စစ်ကြောင်းထွက်လာချိန် မတ်လ ၅ ရက်နေ့ကတော့ ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာတွေလည်းရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကမ္မမြို့နဲ့ နှစ်မိုင်ကျော်အကွာက မကျီးတန်းရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတစ်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး သုံးဆယ် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။