မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ကွန်ပျူတာ တက္ကသိုလ်ရှေ့မှာ မေ ၂၇ ရက်နေ့ မနက်က စစ်ကောင်စီတပ်က သတ်ဖြတ်စွန့်ပစ်သွားတဲ့ လူငယ်နှစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခြေလက်တွေ ကြိုးတုပ်ပြီး မျက်နှာအဝတ်စည်းထားတဲ့ အဲဒီအလောင်းနှစ်ခုဟာ မတ္တရာမြို့နယ်၊ ရုန်းပင်ရွာနဲ့ အုန်းလွတ်ရွာက အသက် နှစ်ဆယ်ဝန်းကျင် လူငယ်နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလူငယ်တွေကို မတ္တရာမြို့နယ်အခြေစိုက် ဇာမဏီပြောက်ကျား တပ်ဖွဲ့ဝင်တွေလို့စွပ်စွဲပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာလို့ မတ္တရာမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“မိတာက သုံးယောက်မိသွားတာ။ လာပြီးတော့ ရှင်းတဲ့အချိန်မှာ တစ်ယောက်ကတော့ ဇွတ်ထွက်ပြေးသွားတာပေါ့။ နှစ်ယောက်ကတော့ ကျသွားတယ်”
အဲဒီလူငယ်သုံးဦးကို စစ်ကောင်စီတပ်က မတ္တရာမြို့နယ် ကျောက်တံတားရွာ လမ်းဆုံဂိတ်မှာ မေ ၃ ရက်နေ့ကဖမ်းမိခဲ့ပြီး မတ္တရာရဲစခန်းမှာ ချုပ်နှောင်ထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ရဲစခန်းကနေ ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေ ၂၇ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ငါးထောင်ကျော် (၅,၁၄၈ ဦး) သတ်ဖြတ်ခံခဲ့ရပါတယ်။