ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါဒေသမှာ ကျင်းပနေတဲ့ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည်အကြိုပွဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ လူအစုအလိုက်အပြုံလိုက် သေစေဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ KIO က အောက်တိုဘာလ ၂၅ ရက်ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီနေရာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာတာကြောင့် ဒီနေ့အချိန်အထိ သေဆုံးသူစုစုပေါင်း ၇၀ ကျော်လာပြီဖြစ်သလို ဒဏ်ရာရထားသူ တစ်ရာကျော်လည်း ဆေးကုသဖို့ အခက်အခဲရှိနေတာပါ။
ဒါကြောင့် အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူတွေ၊ အနုပညာရှင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် များစွာစိတ်မကောင်း ဝမ်းနည်းကြေကွဲရသလို ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကနေ စစ်ကောင်စီကို တွန်းလှန်၊ တော်လှန်တဲ့ တော်လှန်ရေးခွန်အားအဖြစ်ကို အရှိန်မြှင့်တင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အနန့်ပါဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စခန်းမဟုတ်ဘဲ ခရီးသွားတွေ ခတ္တအနားယူကြတဲ့ စျေးဆိုင်တန်း စခန်းငယ်နေရာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေနဲ့ KIO ဝန်ထမ်းအများအပြား သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ ဖားကန့်မှာရှိတဲ့ KIO တပ်မဟာ (၉) ကို လေကြောင်းက ဗုံးကြဲမှုဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းအတိုင်း ဆောင်ရွက်တာ ဖြစ်ပြီး အဲဒီနေရာဟာ တပ်မဟာ (၉) အခြေပြု စစ်ရေးလှုပ်ရှားရာနေရာလို့ ထုတ်ပြန်ထားပါတယ်။