ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အဖမ်းခံလိုက်ရတဲ့ KIO အုပ်ချုပ်ရေးအရာရှိ (ဆလမ်ကဘာ) တစ်ဦးနဲ့ ဆွေမျိုးတော်စပ်သူ နေထိုင်တဲ့ အူဗျစ်ရွာကနေအိမ်ကို နိုဝင်ဘာလ ၁၆ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက မြေတူးယာဉ် (BackHoe) နဲ့ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနား-ပူတာအို ကားလမ်းမပေါ်မှာရှိတဲ့ အူဗျစ်ရွာရဲ့ အစွန်ဆုံးမှာရှိတဲ့ အဲဒီနေအိမ်ကို လူအင်အား ၅၀ ဝန်းကျင်လောက်နဲ့ လာရောက်ဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဟိုရက်က အဖမ်းခံရတဲ့ ဆလမ်ကဘာ (KIO အုပ်ချုပ်ရေးအရာရှိ) တစ်ဦးဦးနဲ့ ပတ်သက်တဲ့ ဆွေမျိုးတော်စပ်တဲ့ အိမ်ပေါ့။ ဘယ်တစ်ယောက်လဲ ဆိုတာတော့ ပြောဖို့ခက်တာပေါ့၊ ပျက်စီးသွားတာကတော့ တစ်အိမ်လုံးပဲ။ ပစ္စည်းတွေ၊ အိမ်တွေ ဘာမှမကျန်ခဲ့ဘူး။ အကုန်ပျက်စီးသွားတယ်"
အဲဒီအိမ်မှာ မိသားစုဝင် ငါးဦးနေထိုင်ပြီး သူတို့ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ သာမန်ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအိမ်ဟာ အဖမ်းခံထားရတဲ့ KIO အုပ်ချုပ်ရေးအရာရှိ (ဆလမ်ကဘာ) တစ်ဦးနဲ့ ဆက်စပ်မှုရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင် ပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ KIO ရဲ့ အုပ်ချုပ်ရေး အရာရှိ (ဆလမ်ကဘာ) စုစုပေါင်း ၁၁ ဦးကို စစ်ကောင်စီတပ် ဘက်က ဖမ်းဆီးခဲ့ပြီးနောက် သူတို့နဲ့ ဆက်စပ်နေသူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။