ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ လက်အောက်ခံတပ်တွေ၊ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်သား ငါးဆယ်နီးပါး မတ်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
မတ်လ ၁၉ ရက်နေ့ နေ့လယ်က ထိုင်းဘက်ထွက်ပြေးလာသူတွေကို ထိုင်းနိုင်ငံက ထိန်းသိမ်းထားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
"ဒီနေ့ (မတ်လ ၁၉ ရက်)နေ့လယ်ပိုင်းက မဲဆောက်မြို့တောင်ဘက် အုန်းဖန်မြို့နယ်ထဲရှိ ပိုင်ခလန်ဆိုတဲ့ကျေးရွာဘက်မှာ ထွက်ပြေးတိမ်းရှောင်လာတာ၊ ထိုင်းဘုရင့်တပ်မတော်ကနေ သူတို့ကို ထိန်းသိမ်းထားတယ်၊ လက်နက်တွေ ဖြုတ်သိမ်းပြီးတော့ ထိန်းသိမ်းထားတာပေါ့"
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်း-မြန်မာနယ်စပ် မယ်သရောခီးတပ်စခန်းက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး နယ်စပ်က ပန်ခလန်ရွာဟောင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်သွားတာလို့ ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းစဉ် (KIC) သတင်းဌာနက ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ရေတလျောက်တပ်စခန်းနဲ့ ပိုင်ခလန်ရွာဟောင်းမှာရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်နေတာ တစ်ပတ်နီးပါးရှိပြီလို့လည်း KIC သတင်းဌာနမှာ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ဗျူဟာမှူးနဲ့ စစ်သား ခြောက်ဆယ်ကျော်ကို ဖမ်းမိထားတယ်လို့ KNLA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က RFA ကို ပြောပါတယ်။
မတ်လ ၇ ရက်နေ့ကစပြီး KNU တပ်မဟာ-၆ နယ်မြေက သင်္ဃန်းညီနောင်ဗျူဟာကုန်း၊ ဖလူးစခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ခမရ-၃၅၅ နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။