ပြီးခဲ့တဲ့အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်သားလေးဦး လက်နက်အပြည်အစုံနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ ဝင်ရောက်လာခဲ့ပြီး တပ်သား ၃၀ ကျော် လက်နက်ချအဖမ်းခံခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သား (၃၂) ဦးကစစ်မြေပြင်မှာလက်နက်ချအဖမ်းခံခဲ့တာဖြစ်ပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်သားတွေထဲက နှစ်ဦးဟာ စခန်းအတွင်းနေထိုင်နေချိန်မှာ အဆိပ်သောက်သက်သေခဲ့ပြီး နောက်ထပ်နှစ်ဦးက ရောဂါကြောင့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
KNU ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကိုရဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
အောက်တိုဘာလတစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်BGF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပေါင်း (၂၈၆) ကြိမ် ဖြစ်ခဲ့တယ်လို့ KNU ရဲ့စာရင်းမှာဖော်ပြပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ကောင်စီနဲ့ လက်အောက်ခံနယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေဘက်က (၃၆၉) ဦး သေဆုံးပြီး (၃၀၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဘက်က ခြောက်ဦး သေဆုံးပြီး ၄၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က တစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ခြောက်ကြိမ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ နှစ်နှစ်နီးပါးကာလမှာတော့ တိုက်ပွဲပေါင်း (၃၈၄၅) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူလေအုပ်ချုပ်နယ်မြေအတွင်းမှာ နေ့တိုင်းတိုက်ပွဲတွေ ဖြစ်နေလို့ ဒေသခံသုံးသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး တစ်သိန်းကျော်ဟာ အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။