ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး စည်းစည်းလုံးလုံးနဲ့ ပြန်လည်လက်တွဲလုပ်ကိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဖိတ်ခေါ်လိုက်ပါတယ်။
KNU ကနေ ထုတ်ပယ်ခံရတဲ့ အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားတဲ့အဖွဲ့အစည်းတွေဖြစ်စေ ကွဲပြားနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပြီး စည်းစည်းလုံးလုံး လုပ်ကိုင်ဆောင်ရွက်ကြဖို့ စိတ်ဆန္ဒရှိတယ်လို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကရင်ဘာသာနဲ့ ပြည်သူတွေကို သတင်းအမှာစကားပြောရာမှာ ထည့်သွင်းပြောသွားတာပါ။
KNU ဦးဆောင်မှုအောက်မှာ လုပ်ဖော်ကိုင်ဖက်တွေတချို့ အမျိုးသားရေးအတွက် လုပ်ဆောင်ရင်း စိတ်သဘောထားကွဲလွဲတာတွေရှိခဲ့ပေမဲ့ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ကွဲနေတဲ့ ကရင်အဖွဲ့အစည်းအားလုံးဟာ ရည်မှန်းချက်၊ မျှော်လင့်ချက်၊ ခံယူချက်တွေ တူညီမှုတစ်ခုတည်းအောက်မှာ ရှိတယ်လို့လည်း ဆိုပါတယ်။
KNU လက်အောက်မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အပြင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးအဖွဲ့ (KNU/KNLA-PC)၊ နယ်ခြားစောင့်တပ်(BGF) စတဲ့ ကရင်အဖွဲ့တွေအားလုံး ကွဲပြားနေပေမဲ့ ကရင်တစ်မျိုးလုံးမျှော်လင့်နေတဲ့ ကော်သူးလေပြည်ရရှိဖို့ လုပ်နေတာဖြစ်တယ်လို့လည်း ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြရဲ့ ကော်သူးလေတပ်မတော် (KTLA) ကိုတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။ ကော်သူးလေတပ်မတော် (KTLA) ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ သီးခြားဖွဲ့စည်းခဲ့တာပါ။
ကရင်ပြည်သူတွေရဲ့ လိုလားချက်တွေ ပြည့်စုံအောင်လုပ်ဆောင်ရမယ်ဆိုရင် ကရင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ၊ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ တစ်ခုတည်းသော အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအောက်မှာ ဆောင်ရွက်မှသာ အောင်မြင်မယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
KNU ဖွဲ့စည်းမှု ၇၇ နှစ်ပြည့်တဲ့ အခုနှစ် ဖေဖော်ဝါရီလမှာ ကရင်အမျိုးသားနေ့ ၇၆ နှစ် ပြည့်ဖြစ်သလို ကရင်အမျိုးသားတော်လှန်ရေး ၇၅ နှစ်ပြည့်ချိန်ဖြစ်တာကြောင့် ကရင်လူမျိုးတွေအတွက် ထူးခြားတဲ့လလို့လည်း ဆိုပါတယ်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA/ PC) နဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ကြား ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါင်းစည်းရေး ဆွေးနွေးနေကြတာ ဆယ်စုနှစ်ကျော်ကြာနေပေမဲ့ လက်တွေ့ပေါင်းစည်းနိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပတဲ့ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာလည်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အဖွဲ့အစည်းတိုင်း ၁၉၄၉ ခုနှစ်ကလို ပြန်လည်ပေါင်းစည်းဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။