လက်နက်ကြီးကြောင့် လေးရက်အတွင်း ကျောက်ကြီးဒေသခံ ခုနစ်ဦးသေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (မူးမြို့နယ်) မှာ မတ်လ ၄ ရက်ကနေ ၇ ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ခုနစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အရပ်သား ၁၁ ဦးလည်း အကြောင်းမဲ့ဖမ်းဆီးခံရပြီး လက်နက်ကြီးကြောင့် နေအိမ် ခုနစ်လုံး နဲ့ စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

မတ်လ ၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေဟာ ကွင်းချောင်းဝကနေ ဟော်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ခုနစ်လုံး ထက်မနည်းပစ်ခတ်တာကြောင့် ရေလဲ၊ နှောင်ကုန်း၊ မရမ်းစိန်ကြီးနဲ့ မရမ်းစိန်လေး စတဲ့ရွာတွေအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် မရမ်းစိန်လေးရွာက အသက် ၆၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ကညွတ်ကွင်း အခြေစိုက် ခမရ−၄၃၉ ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ခြောက်အိမ်စုရွာက ဒေသခံနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ခမရ−၄၃၉ ကနေ မတ်လ ၇ ရက်နေ့မှာ ပစ်ခတ်တဲ့ လက်နက်ကြီး ဘုရားလဟာကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ရွာသား လေးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ်က ကျေးရွာတွေအတွင်း စစ်ကောင်စီရဲ့ တနင်္သာရီအခြေစိုက်တပ် ခမရ−၅၈၂ အပါအဝင် ပူးပေါင်းတပ်တွေ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေသလို နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာ ၁၈ ရွာက လူဦးရေ စုစုပေါင်း တစ်သောင်းကျော် (၁၀,၉၆၄) ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။