ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပေါင်း ၂၆၂ ကြိမ် ဖြစ်ခဲ့တယ်လို့ KNU ဘက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၃ဝဝ ကျော် သေဆုံးခဲ့ပြီး အယောက် ၂၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။ KNU လက်အောက်ခံတပ်တွေဘက်ကတော့ ၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
KNU ဘက်က ပြောတဲ့သေဆုံးအရေအတွက်တွေကို RFA က သီးခြားအတည်မပြုနိုင်ပါဘူး။ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုတာ ဘာမှမရှိပါဘူး။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ် (BGF)တွေပါ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး KNU ဘက်က လက်အောက်ခံ တပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ပါပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အရပ်သားတွေ နေတဲ့ ကျေးရွာတွေကိုပါမချန် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၉ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၆ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အရပ်သား ၉၇ ယောက်ကိုလည်း ဒီဩဂုတ်လအတွင်း ဖမ်းဆီးခဲ့တယ်လို့ KNU က ပြောပါတယ်။