စစ်ကောင်စီ ဖလူးစခန်းကနေ သိမ်းယူရရှိတဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

RFA Burmese
2024.03.15
စစ်ကောင်စီ ဖလူးစခန်းကနေ သိမ်းယူရရှိတဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန် ကရင်ပြည်နယ် မြဝတီမြို့အနီး စစ်ကောင်စီတပ် ဖလူးစခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် KNU မှ ထုတ်ပြန်ထားစဉ်။
Karen National Union

ကရင်ပြည်နယ် မြ၀တီမြို့အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဖလူးစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ မတ်လ ၁၅ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေက ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့လည်း KNU က ဆိုပါတယ်။ ဖလူးစခန်းကို KNU တပ်မဟာ (၆)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၁ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိကြောင်းနဲ့ တပ်မဟာ (၆) အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖလူးစခန်းသိမ်းယူခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

မတ်လ ၁၄ ရက်နေ့ကတော့ KNU ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ခမရ−၂၆၄ တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့ လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU ဟာ မြဝတီမြို့ သင်္ကန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်ရင်းကိုလည်း မတ်လ ၇ ရက်နေ့က သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။