စစ်ကောင်စီတပ် ခြေကုပ်စခန်းတစ်ခုကို KNU သိမ်း

2022.09.21
စစ်ကောင်စီတပ် ခြေကုပ်စခန်းတစ်ခုကို KNU သိမ်း ကြိတ်စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ ကြိတ်စခန်းကို စက်တင်ဘာ ၂၀ရက် မနေ့က သိမ်းယူခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့ စက်တင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကြိတ်စခန်းကိုရဖို့ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) တပ်ရင်း ၁၈ နဲ့ ဒေါနစစ်ကြောင်း - SOG တို့ပူးပေါင်းပြီး မနေ့က နေ့လယ် ၂ နာရီ ၂ မိနစ်ကနေ ၂နာရီ ၁၉ မိနစ်အထိ တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၁၇ မိနစ်ကြာတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး နှစ်ဦးကို ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ဒီအပြင် RPG၊ စိန်ပြောင်း၊ ငါးကြင်းမြီးစက်လက်၊ ပြောင်းပိုနဲ့ စနိုက်ပါအပြင် လက်နက်ခဲယမ်းမျိုးစုံကို လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီစခန်းကိုသိမ်းဖို့အတွက် KNLA တပ်တွေအနေနဲ့ ဩဂုတ်လ ၈ ရက်ကတည်းက ပိတ်ဆို့ပြီး ရိက္ခာဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကြိတ်စခန်းသိမ်းခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကြိတ်စခန်းဟာ စစ်ကောင်စီ ခမရ ( ၅၅၇) တပ်ရဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ကျိုက်ဒုံနဲ့ ကော့ကရိတ်သွားတဲ့ လမ်းပေါ်မှာရှိတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။