မြန်မာ ၂ ဦးအမှု ထိုင်းရဲက CCTV သက်သေပြ
2015.07.22
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ် သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ အဖြစ် ထိုင်း မှုခင်းစုံစမ်းရေး တပ်ဖွဲ့က ရဲဗိုလ်မှူးကြီးတစ်ဦးကို ကော့စမွေတရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။
အဲ့ဒီ ထိုင်း ရဲဗိုလ်မှူးကြီး ထွက်ချက်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတွေရဲ့ရှေ့နေ ဦးအောင်မျိုးသန့်က
"အမှုစစ်ရဲအရာရှိကြီးကို စစ်တယ်၊ တရားလိုဖက်ကပဲစစ်ပြီးတယ်၊ အန်ကယ်တို့ဖက်က မစစ်လိုက်ရဘူး၊ မနက် ၉ နာရီက အခု ည ၈ နာရီခွဲလောက်မှ ပြီးတာ၊ အမှုစစ်မှာ သူက အမှတ် ၈ ဒေသ ရဲမှူးကြီးဆိုတော့ အမှုနဲ့ ပတ်သက်တဲ့ CCTV တို့ မြေပုံတို့ CD တို့ကို အကြောင်းပြပြီးတော့ ကလေးတွေဟာ ဒီအမှုနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်တယ်ဆိုတာမျိုးကို သူက တင်ပြသွားတာပေါ့။ သေတဲ့လူတွေဟာ မနက် ၂ နာရီခွဲကနေ ၅ နာရီကြားမှာသေတယ်လို့ ဆုံးဖြတ်တယ်။ ဒီကလေးတွေကလည်း အဲ့ဒီညမှာ ဆိုင်ကယ်လေးနဲ့ ဆဲဗန်းအီလဲဗင်း သွားပြီးတော့ အရက်ဝယ်တယ်၊ ဆေးလိပ်ဝယ်တယ် ဆိုတာလေးကပေါ်တယ် ၁ နာရီနဲ့ ၉ မိနစ်အထိ အဲ့တော့ အဲ့ဒါတွေကနေ ဆက်စပ် ဆက်စပ်ပြီးတော့ ဒီကလေးတွေနဲ့ ပတ်သက်တယ်ဆိုတဲ့အပေါ်မှာ လုပ်ထားတာပေါ့"
မနေ့က ထွက်ဆိုခဲ့တဲ့ ရဲမှူးကြီးဟာ CCTV မှတ်တမ်းတွေကို စစ်ဆေးဖို့ တာဝန်ယူရသူဖြစ်ပြီး အခင်းဖြစ်ပွားခဲ့ တဲ့နေရာနဲ့ ဆက်စပ်နေရာ လမ်းကြောင်းတစ်လျှောက်က CCTV အလုံးတစ်ရာကျော်ကို စစ်ဆေးခဲ့ပြီး အဲ့ဒီထဲက အမှုနဲ့သက်ဆိုင်တဲ့ CCTV ၁၇ လုံးက မှတ်တမ်းတွေကို ထုတ်နှုတ်တင်ပြခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တရားရုံးမှာ အမှုစစ်ရဲမှုးကြီးရဲ့ ထွက်ဆိုတင်ပြချက်တွေဟာ တရားခံ နှစ်ယောက်က သတ်တယ်ဆိုတာ မြင်တွေ့ခဲ့ တာမျိုး မရှိတဲ့အတွက် ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ တရားခံရှေ့နေတွေဖက်ကနေပြီး ပြန်လည်မေးခွန်းထုတ် သွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
မနေ့က ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ မိခင်နှစ်ဦးလည်း တရားရုံးမှာ ကြားနာခွင့်ရခဲ့ပြီး သားဖြစ်သူတွေ နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။