ကိုရီးယားသွားဖို့ ညအိပ်တန်းစီနေရ

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) မှတ်ပုံတင်ကြေးကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ပင်လုံခန်းမမှာရှိတဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးမှာ ပေးသွင်းဖို့ ညအိပ်တန်းစီနေရတယ်လို့ လာရောက်စာရင်းသွင်းသူတွေက ပြောပါတယ်။

တောင်ကြီးမြို့က လာရောက်တဲ့ လူငယ်တစ်ယောက်ကလည်း မှတ်ပုံတင်ကြေးပေးဖို့အတွက် နာရီ ၂၀ လောက်တန်းစီခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“မတ်လ ၂၁ ရက်နေ့ မှတ်ပုံတင်ကြေး ပေးသွင်းနိုင်ဖို့ကို မတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီကတည်းက စပြီး တန်းစီစောင့်ဆိုင်းခဲ့ရတာ အခု နေ့လယ် ၂ နာရီမှ ပြီးတယ်။ ပွဲစားနဲ့ဆိုရင်တော့ မြန်တယ်ပြောတယ်။ မှတ်ပုံတင်ကြေးအပါအဝင် တစ်သိန်းခွဲလောက် ပွဲစားကိုပေးရမှာ။ ကိုယ့်ဘာသာ အပင်ပန်းခံတိုးလိုက်တာ ကြာပေမယ့် ၂၈ ဒေါ်လာပဲသွင်းရတယ်”

ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) အတွက် မှတ်ပုံတင်ကြေးတွေကို မြောက်ဒဂုံက ပင်လုံခန်းမမှာ မတ်လ ၁၉ ရက်နေ့ကစလို့ လက်ခံနေပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက် ကိုရီးယားသွားရောက်မယ့် အမျိုးသမီး ခုနစ်ထောင်က မှတ်ပုံတင်ကြေး ပေးသွင်းခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်မှာတော့ အမျိုးသားတွေအတွက် ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေအတွက် တစ်ရက်ကို လူနှစ်ထောင်ကျော် လက်ခံနေတယ်လို့ မှတ်ပုံတင်ကြေး လာသွင်းသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကိုရီးယားမှာ သွားရောက်အလုပ်လုပ်ခွင့်ရဖို့ ကိုရီးယားဘာသာ အရည်အချင်းစစ်တဲ့ EPS-TOPIK စာမေးပွဲ ဖြေဆိုဖို့ကို အွန်လိုင်းကနေ လူဦးရေ ခုနစ်သောင်းခွဲ လျှောက်ထားတယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က ကြေညာထားပါတယ်။